တရားစွဲခံထားရတဲ့ ဝါးခယ်မ လယ်သမားအားလုံး အာမခံရ
2021.01.07
ဒေသန္တရအမိန့် ဖောက်ဖျက်လို့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံရတဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်သမား ၃၂ ယောက်စလုံးကို မြို့နယ်တရားရုံးက ဒီနေ့အာမခံပေးလိုက်ပါတယ်။
ပထမအကြိမ် တရားရုံးချိန်းမှာ လယ်သမား ၁၃ ယောက်ကိုပဲ တရားရုံးက အာမခံပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့် ဒီကနေ့ လယ်သမားတွေဘက်က အထောက်အထား အပြည့်အစုံနဲ့ ပြန်တင်ပြခဲ့တာကြောင့် တရားစွဲခံရတဲ့သူ ၃၂ ယောက်စလုံးကို အာမခံပေးလိုက်တာလို့ တရားစွဲခံထားရတဲ့ ဒေါ်သန်းသန်းမိုးက RFA ကိုပြောပါတယ်။
ဒီလယ်သမားတွေဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဝါးခယ်မမြို့နယ်တွင်းရှိ စီမံကိန်းတူးမြောင်းတစ်ခုရဲ့ အတားအဆီးတွေကို လယ်မြေတွေ ရေသွင်းလို့ရအောင် ဖယ်ရှားခဲ့လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက တရားစွဲဆိုထားတာပါ။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခြောက်လ ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ မြို့နယ်တရားသူကြီး ဒေါ်အေးမြတ်မွန်က ပြောပါတယ်။
တူးမြောင်းထဲက အတားအဆီးတွေကို ဖယ်ရှားခဲ့တဲ့ ရွာသားခြောက်ဦးကို အင်းလုပ်ငန်းရှင်က ခိုးမှု ပုဒ်မ (၃၇၉)၊ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၂၇)၊ အားပေးကူညီမှု ပုဒ်မ (၁၁၄) တို့နဲ့လည်း အမှုဖွင့်ထားပါတယ်။ တရားစွဲခံထားရတဲ့ လယ်သမားတွေကို ဇန်နဝါရီလ (၂၀) ရက်နေ့ ကို ထပ်မံ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။