အစိုးရနဲ့တပ်ကို ဝေဖန်ထောက်ပြခဲ့တဲ့ ကျောင်းသားတွေကို စစ်တွေမှာ ထပ်တိုးအမှုဖွင့်

2021-03-05
Share
အစိုးရနဲ့တပ်ကို ဝေဖန်ထောက်ပြခဲ့တဲ့ ကျောင်းသားတွေကို စစ်တွေမှာ ထပ်တိုးအမှုဖွင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆို လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားလေးဦးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဥပဒေပုဒ်မ ၂၉ နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။

ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ သူတို့လေးဦးကို ရုံးထုတ်စစ်ဆေးတဲ့အခါမှာ ဘေးစီမံဌာနက ဦးစီအရာရှိ ဦးအောင်ဇံဝေက တရားလိုလုပ်ပြီး တရားစွဲလိုက်တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က RFA ကိုပြောပါတယ်။

ထမ်မံတရားစွဲခံရတဲ့သူတွေဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူပညာရေးကောလိပ်က
ကိုမြတ်စိုးဝင်း တို့ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တပ်နဲ့အစိုးရကို အလိုမရှိကြောင်း စစ်တွေမြို့ပေါ်မှာ ဒေသခံ တစ်ရာခန့်နဲ့အတူ ဆန္ဒပြနေစဉ်အတွင်းမှာပဲ ရဲကဝင်ရောက်ဖမ်းဆီးသွားတာပါ။

အဲဒီနောက် အောက်တိုဘာလ ၂၀ ရက်နေ့မှာ စစ်တွေမြို့နယ် ရဲမှူးဇော်နိုင်က တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅(ခ) တရားစွဲခဲ့ပြီး အဲဒီအမှုကို ရင်ဆိုင်နေတာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးတရားစွဲခံထားရတဲ့ထဲက ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေး ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ခံထားရပါတယ်။

ဒါကြောင့် သူတို့ နှစ်ဦးကတော့ အမှု သုံးခုကို တပြိုင်တည်း ရင်ဆိုင်နေရတော့မှာပါ။

အခုလို ကျောင်းသားတွေအမှုရင်ဆိုင်နေစဉ်အတွင်းမှာ နောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံ တရားစွဲတာဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်က ပြောပါတယ်။

ကိုတိုးတိုးအောင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ကိုကျော်နိုင်ဌေး၊ ကို ဦးသန်းနိုင်တို့နဲ့အတူ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့တရားစွဲခံထားရပြီး အာမခံရလို့ အပြင်ကနေ အမှုရင်ဆိုင်နေရတဲ့သူဖြစ်ပါတယ်။

အခုလက်ရှိ သူတို့ လေးဦးကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

နောက်ရုံးချိန်းကို မတ်လ ၁၉ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။

အခုသူတို့ကို ထပ်မံစွဲဆိုတဲ့ ဘေးစီမံပုဒ်မ ၂၉ ဟာ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့