အောင်မင်္ဂလာအဝေးပြေးကားဝင်း မီးလောင်မှု ကားဂိတ်ခုနစ်ဂိတ်ပျက်စီးပြီး သုံးဦးသေဆုံး

RFA Burmese
2024.02.04
အောင်မင်္ဂလာအဝေးပြေးကားဝင်း မီးလောင်မှု ကားဂိတ်ခုနစ်ဂိတ်ပျက်စီးပြီး သုံးဦးသေဆုံး မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ရစဥ်။
Myanmar Fire Services Department

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ တနင်္သာရီလမ်း၊ (ပ) ဝင်းထဲမှာ ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့မနက်ပိုင်း မီးလောင်ခဲ့တာကြောင့် သုံးဦးမီးလောင်သေဆုံးပြီး ကားဂိတ်ခုနစ်ဂိတ်ပျက်စီးခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေနဲ့ ကိုယ်တိုင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

မီးလောင်မှုကို သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက မီးလောင်မှုစဖြစ်ခဲ့တဲ့ ရွှေလင်းယုန်ကားဂိတ် အခန်းထဲမှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသားသုံးဦး အလောင်းတွေ့ခဲ့တယ်လို့ RFA ကိုအတည်ပြုပြောပါတယ်။

“စတင်လောင်ကျွမ်းတဲ့ ရွှေလင်းယုန်ဂိတ်မှာတော့ အဲဒီအခန်းထဲမှာ အမျိုးသားသုံးဦး သေဆုံးတာတွေ့ရှိတယ်။ အသက်၊ အမည်တွေကိုတော့ အတည်ပြုလို့မရသေးဘူး။ မီးလောင်ထားတော့လေ။ လောင်တာကတော့ ကားဂိတ်တွေပေါ့။ ပေနှစ်ဆယ်အခန်းက ငါးခန်း၊ ဆယ်ပေနှစ်ခန်းပေါ့။ နှစ်ထပ်တွေပေါ့။ ခုနစ်ခန်းလောက်ပါသွားတယ်”

မီးသတ်ဦးစီးဌာနကလည်း အဲဒီကားဝင်းထဲမှာ ဒီနေ့မနက် ၅ နာရီ ၅ မိနစ်ခန့်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး ၅ နာရီ ၄၈ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် ရွှေယုန်လေး၊ သိန်းသန်းကျော်၊ ဝင်း၊ ရာဇာမင်း၊ အောင်ကျော်ဇော၊ ရွှေလင်းယုန် စတဲ့ ဂိတ်ခြောက်ဂိတ်အကုန်နီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အဲဒီကားဝင်းထဲမှာ ရှိနေသေူတွေကပြောပါတယ်။

မီးလောင်မှု အခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ကားဂိတ်ခုနစ်ဂိတ်မီးလောင်ခဲ့ပြီး မန္တလာမင်း ကားဂိတ်ကတော့ (VIP) အခန်း မီးလောင်ပျက်စီးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

“ဆုံးရှုံးတာကတော့ အရမ်းကိုဆုံးရှုံးတာပေါ့။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ ကြီးကြီးမားမားထိသွားတာကတော့ ခြောက်ဂိတ် ထိသွားတာပေါ့။ တော်တော်များများပါသွားတယ်။ ဆုံးရှုံးမှုလည်းများတာပေါ့။ တစ်ဂိတ်ပဲ နည်းနည်းလွတ်သွားတာ”

ဂိတ်တွေထဲမှာ ကုန်ပစ္စည်းတွေရှိနေတာကြောင့် မီးလောင်အားကောင်းခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ကွမ်းယာဆိုင်လို ဆိုင်ခန်းငယ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့ ကားဂိတ်အများစုဟာ ရန်ကုန် - မော်လမြိုင် ပြေးဆွဲနေတဲ့ ကားဂိတ်ငယ်တွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

“(ပ) ပစောက်ဝင်းထဲ လောင်တာ။ လောင်တာကတော့ မော်လမြိုင်ကားဂိတ်တွေ ပါတာပေါ့။ ဝင်းဆိုလည်း မော်လမြိုင်တို့ဘာတို့ကို သွားတဲ့ကားတွေပဲလေ။ သိန်းသန်းကျော်လည်း မော်လမြိုင်သွားတဲ့ဂိတ်ပဲ။ ရွှေလင်းယုန်၊ အောင်ကျော်ဇောလည်း အတူတူပဲ။ မော်လမြိုင် - မြဝတီတို့ သွားတဲ့ကားဂိတ်တွေပဲ။ ရာဇာမင်းလည်း ပါသွားတယ်။ ဆိုင်ကတော့ ကွမ်းယာဆိုင်လေး ဘာလေးတွေလောက်ပဲ ပါသွားတယ်”

ဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အဲဒီမှာ နေထိုင်သူတွေအနေနဲ့ သေချာမသိရသေးသလို မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။