ရေလုပ်သားစုစုပေါင်း ၅၀၀ ပျောက်ဆုံးနေစဲ

ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာ့ ပင်လယ်ပြင်မှာ ပေါ်ပေါက်ခဲ့တဲ့ လေပြင်းမုန်တိုင်း ဒဏ်ကြောင့် သေဆုံးနဲ့ ပျောက်ဆုံးနေစဲ ရေလုပ်သား စုစုပေါင်း ၅၀၀ လောက် ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။

2011.08.03
fishing_boat_305_z.png ပင်လယ်ထွက်ရန် ပြင်ဆင်နေသော ငါးဖမ်းလှေများ ဖြစ်ပါသည်။ (Photo: AFP)
AFP

“လူ ၂၀ လောက်က သေဆုံးနေပြီလို့ ကျနော်တို့ သိရပြီးတော့၊ ပျောက်ဆုံးနေတဲ့ လူက ၄၈၀ လောက် ရှိတယ်ခင်ဗျ။ ပြန်တွေ့တဲ့သူတွေထဲမှာ နေရပ်ကို ပြန်ရောက်တဲ့ သူတွေလည်း ရောက်ကုန်ပြီ ပေါ့နော်”

ပင်လယ် ငါးဖမ်း လုပ်ငန်းတွေက ကျားဖောင် ၃၆၀၀ ကျော်မှာ လိုက်ပါ သွားခဲ့တဲ့ ရေလုပ်သား ၁ သောင်း ၆ ထောင်ကျော်ဟာ ပင်လယ်ပြင်မှာ ရုတ်တရက် လေမုန်တိုင်း မိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အနေနဲ့ ကိုကိုးကျွန်း အောက်ဘက်က အိန္ဒိယနိုင်ငံပိုင် အန်ဒမန်ကျွန်းကို အသက်ရှင်လျက် မျောပါ ရောက်ရှိသွားတဲ့ မြန်မာ ရေလုပ်သား ၁၃၇ ယောက်ကို ပြန်လည် ခေါ်ယူဖို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံကို ရောက်ရှိသွားတဲ့ မြန်မာရေ လုပ်သား ၁၄ ဦးကတော့ ပြီးခဲ့တဲ့ လအတွင်း မြန်မာနိုင်ငံက မိသားစု နေရပ်ကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပင်လယ်ပြင်မှာ အသက်ဆုံးရှုံးသွားတဲ့ ရေလုပ်သားတွေ အတွက် နစ်နာကြေး အပါအဝင်၊ ကျန်ရစ်တဲ့ မိသားစုတွေရဲ့ ဘဝပြန်လည် ထူထောင်ရေး၊ တဘက်နိုင်ငံ ပိုင်နက်ကို ရောက်ရှိသွားတဲ့ မြန်မာရေ လုပ်သားတွေကို ပြန်လည်ခေါ်ယူရေး၊ အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ ပင်လယ်ပြင် လေမုန်တိုင်း အန္တရာယ်တွေနဲ့ ပတ်သက်လို့ ကြိုတင် သတိပေး စနစ် တပ်ဆင်နိုင်ရေး တို့အတွက်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

ဒီအကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။