FITEX (Myanmar) အထည်ချုပ် စက်ရုံက အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံရ

RFA Burmese
2023.03.17
FITEX (Myanmar) အထည်ချုပ် စက်ရုံက အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံရ တရုတ်နိုင်ငံသားပိုင် FITEX (Myanmar) အထည်ချုပ်စက်ရုံကို တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် FITEX ( Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံခဲ့ရတယ်လို့ FITEX (Myanmar) အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားတွေက RFA ကို ပြောပါတယ်။
 
အခု အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက လုပ်သက် ၆လ အောက်ရှိသူတွေဖြစ်ပြီး နို့တစ်စာ ကြိုတင် အကြောင်းကြားတာ မဟုတ်ဘဲ မတ်လ ၁၃ ရက်နေ့က အလုပ်သမားတွေကို စက်ရုံဘက်က အလုပ်ထုတ်ကြောင်း ပြောခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
 
“စက်ရုံမှာလည်း အော်ဒါ မရှိတော့ဘူးပေါ့။ အော်ဒါ ရှိလာရင်လည်း ပြန်ခေါ်မယ် မခေါ်ဘူးလည်း မပြောဘူး။ နို့တစ်စာ ပေးပြီးရင် နားရတော့မှာကို အခုလည်း စက်ရုံမှာ ခေါ်ထားတယ်။ အထုတ်ခံရတဲ့သူတွေက လုပ်သက် ၆ လ အောက် တွေပဲ။ ဒါပေမဲ့ စူပါတွေ၊ ရုံးပိုင်းက လူတွေမပါဘူး။ စက်လိုင်းကလူတွေပဲ အလုပ်ထုတ်ခံရတာ။ အလုပ်ကိုတော့ ၄လပိုင်း ၁၂ ရက်နေ့ အထိ ဆင်းပေးရမယ် ပြောပါတယ်”
 
သင်္ကြန်ပိတ်ရက် လုပ်ခလစာ မပေးချင်တာကြောင့် လုပ်သက်နည်းတဲ့ အလုပ်သမားတွေကို သင်္ကြန်မတိုင်ခင်မှာ အလုပ် ထုတ်ပယ်လိုက်တာ ဖြစ်ပြီး အရင်နှစ်ကလည်း အခုလို ပုံစံမျိုး လုပ်ခဲ့ဖူးတယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားဥပဒေအရ လုပ်သက် ၆ လကနေ တစ်နှစ်ရှိတဲ့ အလုပ်သမားတွေဟာ အလုပ်ထုတ် နစ်နာကြေး ရရှိရမှာ ဖြစ်ပေမယ့် အခုအလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ နစ်နာကြေး တစ်စုံတစ်ရာ မရကြဘူးလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM)က ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က RFA ကို ပြောပါတယ်။
 
အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး FITEX(Myanmar)ဘက်ကို RFA အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
FITEX (Myanmar) စက်ရုံက AMISU ကုန်အမှတ်တံဆိပ်ကို  အဓိကထားချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး  စက်ရုံကိုလူဦးရေ ၇၀၀ ကျော် စက်လိုင်း ၁၀ လိုင်းနဲ့ လည်ပတ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 
 
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) ရဲ့  ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား အခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံကို အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။