စစ်ရေယာဥ်ပေါ် နှိပ်စက်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းဒေသခံ ငါးဦး အကြမ်းဖက်မှုနဲ့ ထောင်ချခံရ

2022.07.06
Share on WhatsApp
Share on WhatsApp
စစ်ရေယာဥ်ပေါ် နှိပ်စက်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းဒေသခံ ငါးဦး အကြမ်းဖက်မှုနဲ့ ထောင်ချခံရ စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံနေရသည့် ကျောက်ဆိပ် ရွာသားများကို တွေ့ရစဉ်
Photo: Citizen Journalist

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ရေယာဉ်ပေါ်မှာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒေသခံ ငါးဦးကို စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဇူလိုင်လ ၆ ရက် ဒီနေ့မှာ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး တို့ အပါအဝင် ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာပါ။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်ပြီး ချုပ်ရက်ပါခံစားခွင့်ရတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကို ပြောပါတယ်။

"အကြမ်းဖက်ဥပဒေပုဒ်မ - ၅၂ (က) နဲ့ တစ်ယောက်ကို သုံးနှစ်စီ ချလိုက်တယ်။ ချုပ်ရက်ပါ ခံစားခွင့်ရတယ်။ ၅၂ (က) က ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချနိုင်တယ်။ အခု အနိမ့်ဆုံးပြစ်ဒဏ် ချလိုက်တာပေါ့။ အယူခံ ဆက်တက်မလား၊ မတက်တော့ဘူးလားဆိုတာတော့ မိသားစုနဲ့ မတိုင်ပင်ရသေးဘူး"

သူတို့ ငါးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးပြီး နောက် စစ်ရေယာဉ်ပေါ်မှာလည်း စစ်သားတွေရဲ့ ဝိုင်းဝန်းနှိပ်စက်ခဲ့ခြင်းကိုလည်း ခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၁၉ ဦးအထိ ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးတရားစွဲခံထားရသူကတော့ ၅၂ ဦး ကျန်ရှိနေသေးတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။