စစ်အာဏာရှင်ဆန့်ကျင်သူ လူငယ် ငါးဦးနဲ့ကူညီသူနှစ်ဦး ဘဏ်ဓားပြမှုနဲ့ ထောင်အနှစ် ၂၀ စီချခံရ
2022.12.29
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှုနဲ့ ထောင် ၁ဝ နှစ်စီ ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်သူလူငယ် ငါးဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ်စီ ဒီနေ့ချလိုက်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒီနေ့ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခံရတဲ့ လူငယ်ငါးဦးဟာ ကိုကျော်ဇင်လင်း၊ မဝင်းထက်မာ (ခ) အမာ၊ ကိုသူရအောင်၊ ကိုဝင်းထိုက်ကိုကိုနဲ့ ကိုမင်းဟိန်းသူတို့ဖြစ်ပြီး၊ ဓားပြတိုက်မှုမှာ အားပေးကူညီသူလို့ စွပ်စွဲခံထားရတဲ့ ဦးအောင်အောင်နဲ့ ကိုမင်းလတ်ချိုတို့ နှစ်ဦးကိုလည်း ထောင်ဒဏ် ငါးနှစ်စီ ချလိုက်တယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုသူတစ်ဦးက ပြောပါတယ်။
“လူငယ် ငါးဦးကိုတော့ ဓားပြတိုက်ရာမှာ ပါဝင်လို့ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ - ၃၉၅ နဲ့ ၁၀ နှစ်စီချ ခံရတယ်။ ကျန်နှစ်ဦးကတော့ ကိုကျော်ဇင်လင်းနဲ့ ပိုက်ဆံတွေကို လက်ခံထားတဲ့အတွက် အားပေး ကူညီမှုနဲ့ ပုဒ်မ ၄၁၂ အရ ထောင်ဒဏ်ငါးနှစ်စီချခံရတယ်။ လက်ရှိ သူတို့တွေက ကျန်းမာရေးတော့ မကောင်းကြဘူးလို့ သိထားရတယ်။ အစာအိမ်ဆေးတွေ ထည့်ပေးနေရတယ်။ ယားနာတွေပေါက်နေကြလို့ ဆေးတွေထည့်ပေးနေရတယ်”
မဝင်းထက်မာ (ခ) အမာ က ပန်းဘဲတန်းမြို့နယ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လူငယ်ဥက္ကဋ္ဌဟောင်းဖြစ်ပြီး၊ ကိုကျော်ဇင်လင်းနဲ့ ကိုပြည့်ဖြိုးကျော် (ခ) ကျားလေးတို့က ဗကသကျောင်းသားဟောင်းတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီနေ့ အမိန့်ထပ်ချတဲ့အမှုဟာ ဘုရင့်နောင်မြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ ဓားပြတိုက်မှုနဲ့အမိန့်ချခံရတာလို့ သူတို့နဲ့ နီးစပ်သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲကို ဓားပြတိုက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်အတွက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားပါတယ်။
တောင်ဥက္ကလာပမြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဓားပြတိုက် ခံရတဲ့အတွက် ကျပ်ငွေ ၁၈၅ သိန်း၊ ဘုရင့်နောင်မြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ ဓားပြတိုက်ခံရတဲ့အတွက် ငွေကျပ် ၁၁၇၉ သိန်းပါသွားခဲ့တယ်လို့ စစ်ကောင် စီက ထုတ်ပြန်ထားပါတယ်။ အဲဒီဖြစ်ရပ်နှစ်ခုအတွက် လူငယ် ငါးယောက်နဲ့ လူလတ်ပိုင်း နှစ်ယောက်၊ စုစုပေါင်း ၇ ယောက်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချလိုက်တာဖြစ်ပါတယ်။
သူတို့ဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကျောင်းသားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးတွေအတွက် ဆောင်ရွက်ခဲ့ကြသူတွေဖြစ်သလို၊ အာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့သူတွေဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။