ဖလမ်း သီးဘွာလ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကြောင်း CNDF ပြော
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လေးရက်ကြာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က မနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သီးဘွာလ်နဲ့ ဘွာလ်သဲရွာအကြား တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သီးဘွာလ် စခန်းကို CNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေ လေးရက်ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး CNDF ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်မှာပါဝင်သူတွေရဲ့ မျက်မြင်သတင်းအချက်အလက်တွေအရ စစ်ကောင်စီတပ် ဘက်က သေဆုံးတဲ့ အရေအတွက်ကို အတည်ပြုထားတာလို့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ သေဆုံးအတည်ပြုချက်က တိုက်ပွဲမှာပစ်ခဲ့တဲ့ ရဲဘော်တွေရဲ့ မြေပြင်အတည်ပြုချက် ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ယောက် ခြေထောက်ဖြတ်လိုက်ရပါတယ်။ တခြား ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး”
လေးရက်ကြာတိုက်ပွဲအတွင်း CNDF ဘက်က ဒရုန်းတွေနဲ့ အကြိမ်သုံးရာကျော် တိုက်ခိုက်ခဲ့ သလို နိုဝင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစ်စီး ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း ဒီနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းကစပြီး သီးဘွာလ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး သုံးနာရီကြာ နှစ်ဖက်တိုက်ပွဲ အဲဒီနေ့ မှာ တင် စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
အဲဒီနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက် မနည်းလုပ်ခဲ့သလို မနေ့ကလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ငါးစင်းနဲ့ အချိန် သုံးနာရီကြာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။