ပင်လောင်းနဲ့ ဖယ်ခုံက တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
2024.11.03
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး လူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
ပင်လောင်းမြို့နယ် နမ့်ဖာမူးနဲ့ ဗန်းမောက်ရွာတွေဘက်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေလို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ပင်လောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“နမ့်ဖာမူးနဲ့ ဗန်းမောက်ရွာက အခြေအနေ တော်တော်ဆိုးတယ်။ လူတွေလည်း အကုန် ပြေးနေရတယ်။ တောင်ယာစပါး ရိတ်တဲ့လူတွေတောင် ပစ်ခံရတာဆိုတော့ မနေရဲကြဘူး။ တိုက်ပွဲက ကြိုကြားကြိုကြား ဆက်ဖြစ်နေတယ်”
အောက်တိုဘာ ၃၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့ကို ထွက်ပြေးရတဲ့ ဗန်းမောက်ရွာခံ သုံးဦး ဒရုန်းဗုံး ထိမှန်သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
သေဆုံးသွားသူတွေထဲမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး ကျန်တဲ့နှစ်ဦးကတော့ အသက် ၆၂ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသမီးတွေ ဖြစ်တယ်လို့ ပင်လောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ရွာနား ကပ်လာတော့ ပြေးကြတာ။ အဲဒါ ပြေးနေတုန်း ဒရုန်းနဲ့ ဗုံးချခံရပြီး သေသွားတာ”
ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို PNO ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ဖယ်ခုံမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် မတ်လတုန်းကလည်း ပင်လောင်းမြို့နယ် နမ့်ဖာမူး၊ ဗန်းမောက်၊ နောင်ဝိုးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၇ ရွာက ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲမြို့နယ်တွေအတွင်းမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၅၂၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ဘေးတိမ်းရှောင်ရင်းသေဆုံးခဲ့ရသူ ၁၆၃ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။