မိုးညှင်းမှာ ရေကြီးလို့ နေအိမ် ၂ဝဝ ဝန်းကျင် ရေမြုပ်

2022.06.16
မိုးညှင်းမှာ ရေကြီးလို့ နေအိမ် ၂ဝဝ ဝန်းကျင် ရေမြုပ် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ရေကြီးပြီး နေအိမ်တချို့ နစ်မြုပ်နေသည့် မြင်ကွင်း။
Photo - CJ
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြို့အလယ်ခေါင်ကို ဖြတ်သန်းစီးဆင်းတဲ့ နန့်ရင်းချောင်း ရေလျှံပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးနေလို့ နေအိမ် ၂ဝဝ ဝန်းကျင် ရေမြုပ်နေတယ်လို့ မိုးညှင်းဒေသခံက RFA ကိုပြောပါတယ်။
ရေမြုပ်တဲ့ အိမ်တွေက ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကို ပြောင်းနေကြရ​ပြီး၊ တချို့ကတော့ အိမ်အပေါ်ထပ်တွေမှာ တက်နေနေရတယ်လို့ ဆိုပါတယ်။ ရေကြီးတာကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။

“မနက်ကစပြီး ရေကြီးတာ၊ အခု ညနေပိုင်းတော့ နည်းနည်းလေး ပြန်တော့ကျတယ်။ အထည်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဆို အကုန်မြုပ်သွားတယ်။ အထည်တွေတောင် အကုန်စိုသွားတယ်။ တချို့တွေက ပစ္စည်းတွေ ရွှေ့နေတယ်။ ရှမ်းဘုန်းကြီးကျောင်းက သံပန်းတွေနဲ့ ဆောက်ထားတဲ့ ဇရပ်ဆောင်တော့ ရေထဲပါသွားတယ်။ မိုးက အခုတောင် ပြန်ရွာမလို အနေအထား၊ ရေကထပ်ကြီးဦးမယ်။ မီးကလည်း ဖြတ်ထားတယ်” လို့ မိုးညှင်းဒေသခံက ဆိုပါတယ်။

မိုးညှင်းမြို့ နောင်စွန်း၊ ရေလည်ကျွန်းနဲ့ နတ်ကြီးကုန်းစတဲ့ ရပ်ကွက် သုံးခုမှာ ရေဝင်နေတာလို့ ပြောပါတယ်။
signal-2022-06-16-074725_002.jpeg

“ရေဝပ်တဲ့ အိမ်တွေက အိမ်ခြေ ၂၀၀ လောက်တော့ ရှိမယ်လို့ ခန့်မှန်းတယ်။ အောက်ထပ်က ပစ္စည်းလေးတွေ ရေလွတ်တဲ့ နေရာတွေကို ကျနော်တို့ တစ်ပိုင်တစ်နိုင် ရွှေ့ပေးရတာပေါ့။ ထမင်းထုတ်တွေ ဝေတာတွေလည်း ရှိတာပေါ့” လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တစ်ဦးကလည်း ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ ရေအနည်းငယ် ပြန်ကျနေပြီဖြစ်ပေမယ့် မိုးထပ်ရွာပြီး ရေပြန်ကြီးလာနိုင်တာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

အခုရက်ပိုင်း ကချင်ပြည်နယ်မှာ မိုးကြီးလို့ မိုးညှင်းမှာတင်မကဘဲ ဖားကန့်မြို့မှာလည်း ဥရုချောင်းရေကြီးပြီး ရပ်ကွက်တချို့ ရေဝပ်တာတွေ ရှိခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။