KNU ထိန်းချုပ်ဒေသမှာ ရေဘေးသင့်သူ နှစ်သောင်းနီးပါးရှိနေ

RFA Burmese
2024.07.30
KNU ထိန်းချုပ်ဒေသမှာ ရေဘေးသင့်သူ နှစ်သောင်းနီးပါးရှိနေ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ နေ့တွင် KNU က ထုတ်ပြန်ထားစဉ်။
KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ၊ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်မှာ ရွာပေါင်း ၄၁ ရွာ ရေနစ်မြုပ်နေပြီး ပြည်သူနှစ်သောင်းနီးပါး (၁၈,၆၉၈ ဦး) ရေဘေးသင့်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ဇူလိုင်လ ၂၉ နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာမှာရှိတဲ့ စစ်တောင်းမြစ် ရေတမံကျိုးတာကြောင့် ရေတွေ အလုံးအရင်းနဲ့ ဝင်လာပြီး တောကြောင်ပေါက်ရွာက နေအိမ်တွေလည်း နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးနဲ့ ရွှေကျင် နှစ်မြို့နယ်လုံးမှာရှိတဲ့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း တစ်လျှောက် ရွာတွေလည်း ရေဘေးသင့်နေတယ်လို့ KNU က ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်းရှိပြီး လက်ရှိမှာ ရေဘေးပါ ထပ်ကြုံရတာကြောင့် အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်က ကျေးရွာတွေဟာ စစ်ဘေးအပြင် ရေဘေးဒဏ်တွေနဲ့ပါ ကြုံတွေ့နေကြရတာပါ။ အခု ရေဘေးကြောင့် လမ်းတွေပါပျက်စီးပြီး နေစရာတွေပါ ရေနစ်ကုန်လို့ ဒုက္ခတွေရောက်နေကြရတယ်။ စစ်ဘေးကြားထဲက ဘေးလွတ်ရာကို ရွှေ့နေကြရတယ်။ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်"

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင်လ ၂၆ ရက်နေ့တော့ ကျောက်ကြီးမြို့နယ် မုန်းမြို့က ၄ နှစ်အရွယ် ကလေးတစ်ဦး တောင်ကျချောင်းရေထဲ မျောပါသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။