တောင်ငူမှာ ရေဘေး ကူညီကယ်ဆယ်နေသူတစ်ဦး သေဆုံး

RFA Burmese
2024.09.16
တောင်ငူမှာ ရေဘေး ကူညီကယ်ဆယ်နေသူတစ်ဦး သေဆုံး ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ရေဘေးသင့်သူများအား သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းသားများမှ ကူညီကယ်ဆယ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Thet Paing

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်နေသူတစ်ဦး စက်တင်ဘာလ ၁၅ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ရေစီးနဲ့ မျောပါ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူဟာ ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်အရေးအဖွဲ့က အသက် ၂၆ နှစ်အရွယ် စောနော်ဂျာ ဖြစ်ပါတယ်။

တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့သွားချိန် ရေစီးနဲ့ မျောပါ သေဆုံးသွားတာလို့ သေဆုံးမှုဖြစ်စဉ်ကိုသိတဲ့ တောင်ငူမြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"ကားနဲ့ အရင်သွားတာ။ ကားလမ်းကမကောင်းတော့ ကားပေါ်က ပြုတ်ကျပြီး ရေစီးနဲ့ ပါသွားတာ။ အဲဒီမှာ ဆုံးသွားတာ။ နာရေးက ဒီနေ့ လုပ်မှာပါ"

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက တောင်ငူက ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့ စက်လှေနဲ့ သွားချိန် ရေစီးအရှိန်ကြောင့် စက်လှေတိမ်းမှောက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးခဲ့သူတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တောင်ငူမြို့နယ်က ရေကြီးမှုမှာ ရေစီးအားကောင်းနေတာကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွာတချို့ကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲတွေရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

တောင်ငူခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေက လူပေါင်း ရှစ်သောင်းနီးပါးကို ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်းသုံးသိန်းနှစ်သောင်းကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။