ရေဘေးကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်း နှစ်ရာကျော် ပိတ်ထားရ

RFA Burmese
2024.07.31
ရေဘေးကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်း နှစ်ရာကျော် ပိတ်ထားရ ပဲခူးမြို့ ရေကြီးမှုကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေဖြစ်လို့ အခြေခံပညာစာသင်ကျောင်း ၂၀၁ ကျောင်း ပိတ်ထားရတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ ဖော်ပြပါတယ်။

ရေကြီးနစ်မြုပ်မှု အခြေအနေကြောင့် စာသင်ကြားဖို့ အခက်အခဲရှိလို့ ဇူလိုင်လ၂၈ ရက်နေ့ကတည်းက မြို့နယ်အလိုက် မြစ်ရေတိုးတဲ့ အခြေအနေပေါ် မူတည်ပြီး ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအထဲ မကွေးတိုင်း စလင်း၊ ပွင့်ဖြူနဲ့ ပခုက္ကူမြို့နယ်မှာ ၄၉ ကျောင်း၊ ဧရာဝတီတိုင်း ပန်းတနော်နဲ့ ကျုံပျော်မြို့နယ်မှာ ၁၁၃ ကျောင်း၊ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၂၅ ကျောင်း၊ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ကျောင်းပေါင်း ၂၀ ပိတ်ထားရတာပါ။

ရေကြီးနစ်မြုပ်မှုတွေရှိနေတဲ့ ပဲခူးတိုင်းမှာလည်း စာသင်ကျောင်းတွေပိတ်ထားရပြီး အဲဒီအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စာသင်ကျောင်း ပိတ်ထားရတဲ့ ကာလအတွင်း လစဉ်ဖြေဆိုရတဲ့ စာမေးပွဲတွေအတွက် အစားထိုး ဖြေဆိုခွင့်တွေ ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ရေပြန်ကျသွားရင်တောင် ကျောင်းတက်ဖို့ မလွယ်သေးဘူးလို့ RFA ကို ပြောပါတယ်။

"ရေကျရင်တော့ ကျန်နေခဲ့တဲ့ နှုန်းတွေကို သေချာဆေးကြောရဦးမှာ။ ပြီးရင် ရေကန်တွေကို ဆေးခတ်ရမယ်။ မဟုတ်ရင် ရေထဲ အညစ်အကြေးတွေ ဝင်တော့ အကုန်သောက်သုံးမိရင် ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကုန်ကြမှာ"

ဒါ့အပြင် ပန်းတနော်မြို့နယ်မှာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု လေးရာကျော်၊ လူဦးရေ တစ်ထောင်နီးပါး ရေဘေးကြုံတွေ့နေရပြီး စားရေးသောက်ရေးတွေလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်ကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒုက္ခကြုံနေကြရပြီး ပဲခူးတိုင်း တစ်ခုတည်းမှာပဲ လူ ရှစ်သောင်းနီးပါး ရေဘေးကြုံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။