ရေဘေးသင့်သူတွေကို WFP က အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေး
2024.08.07
တိုင်းနဲ့ပြည်နယ်ငါးခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေးနေတယ်လို့ သြဂုတ် ၇ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လကုန်ပိုင်းလောက်ကစပြီး မုတ်သုံမိုးသည်းထန်ပြီး လူနှစ်သိန်းကျော် ရေဘေးသင့်ရတယ်လို့ ပြောပါတယ်။ ရေဘေးသင့်သူတွေထဲ အတော်များများဟာ ယာယီနေရပ်ရွှေ့ပြောင်းရသူတွေလို့လည်း ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ ဒီလ ၆ ရက်ထိ လူ ရှစ်သိန်းခွဲကျော် (၈၅၅၀၀၀) လောက် ရေလွှမ်းမိုးတဲ့နေရာတွေမှာ နေထိုင်နေတာတွေ့ရတယ်လို့ ရေးထားပါတယ်။
စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေချိန်မှာ ရေဘေးသင့်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Paolo Mattei က ပြောပါတယ်။ နိုင်ငံတစ်ဝန်း လူ ၁၃ သန်းကျော်စားနပ်ရိက္ခာ မဖူလုံဘဲ ရေလွှမ်းမိုးတာက ကူကယ်ရာမဲ့ သူတွေအတွက် ပိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
ပဲခူး၊ ကချင်၊ ကရင်၊ မကွေးနဲ့ စစ်ကိုင်းက ရေဘေးသင့်သူ အနည်းဆုံး ၁၂၀၀၀၀ ကို WFP က ငွေ၊ ဆန်၊ အထူးစီမံထားတဲ့ အဟာရပြည့်ဝ အစားအစာ စတာတွေ ထောက်ပံ့တယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။ နိုင်ငံတွင်း ရေဆက်လက်ကြီးနေတာနဲ့အမျှ အခြေအနေကို WFP က စောင့်ကြည့်နေပြီး လိုအပ်သလို ထပ်မံတုံ့ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေကြီးပြီး လူအသေအပျောက်လည်းရှိ စိုက်ခင်းတွေလည်း ပျက်စီးရပါတယ်။