ဧရာဝတီတိုင်းက မြို့နယ်သုံးခုမှာ ရွာနှစ်ရာနီးပါး ရေနစ်မြုပ်နေ

RFA Burmese
2024.07.26
ဧရာဝတီတိုင်းက မြို့နယ်သုံးခုမှာ ရွာနှစ်ရာနီးပါး ရေနစ်မြုပ်နေ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ဧရာဝတီတိုင်း၊ မအူပင်၊ သာပေါင်းနဲ့ ငသိုင်းချောင်းမြို့နယ်တွေမှာ ဇူလိုင်လ ဒုတိယအပတ်ကစလို့ မြစ်ရေမြင့်တက်လာတာကြောင့် ရွာနှစ်ရာနီးပါး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရွာတွေ ရေကြီးနစ်မြုပ်နေတာကြောင့် အဲဒီမြို့နယ် သုံးခုက စာသင်ကျောင်း ငါးဆယ်ခန့်လည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ်မှာ တိုးမြစ်ရေမြင့်တက်လာတာကြောင့် လူနေအိမ်နဲ့ လယ်ယာမြေတွေပါ ရေနစ်မြုပ်နေတယ်လို့ မအူပင်မြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
 
"မအူပင်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု တစ်ဝက်နီးပါးပေါ့။ ကျေးရွာအုပ်စု လေးဆယ်ကျော်လောက်ကတော့ လယ်တွေရော၊ လူနေအိမ် တော်တော်များများလည်း ရေမြုပ်နေတယ်။ စာသင်ကျောင်းဆိုလည်း သုံးဆယ်လောက် လောလောဆယ် ပိတ်လိုက်ရတယ်"

သာပေါင်းနဲ့ ငသိုင်းချောင်းမြို့နယ်တွေမှာလည်း ရေကြီးနစ်မြုပ်မှု ဆက်ဖြစ်နေပြီး မိုးရွာနေတာကြောင့် ရေကြီးမှုတွေ ထပ်ပြီး ကြုံနေရတာပါ။

သာပေါင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်လို့ ကျေးရွာပေါင်းနှစ်ဆယ်ကျော်က စာသင်ကျောင်း ၂၅ ကျောင်းကို ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်ထားတယ်လို့ စစ်ကောင်စီသတင်းစာတွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ငသိုင်းချောင်းမြို့မှာလည်း ငဝန်မြစ်ရေ တိုးလာတာနဲ့အတူ မိုးသည်းထန်စွာရွာတာကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး ရေကာတာအတွင်းပိုင်းမှာရှိတဲ့ ငဝန်ရပ်ကွက်က နေအိမ်တစ်ရာကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။

အဲဒီသုံးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေ ရေနစ်မြုပ်နေပေမဲ့ စစ်ကောင်စီဘက်က ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးတာမရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ငဝန်မြစ်ရေဟာ ငသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် နှစ်ပေကျော် မြင့်တက်လာသလို သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် တစ်ပေကျော် မြင့်တက်လာတယ်လို့ စစ်ကောင်စီရဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။