နိုင်ငံတစ်ဝန်း ရေဘေးကြောင့် ၇၄ ဦး သေဆုံးကြောင်း စစ်ကောင်စီပြော

RFA Burmese
2024.09.15
နိုင်ငံတစ်ဝန်း ရေဘေးကြောင့် ၇၄ ဦး သေဆုံးကြောင်း စစ်ကောင်စီပြော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရှိ နေအိမ်များ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
KALAW TRAVELLING

နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၆၄ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းအထိ ရထားတဲ့စာရင်းတွေအရ သေဆုံးသူ ၇၄ ဦးအထိရှိပြီး ပျောက်ဆုံးနေသူက ၈၉ ဦးရှိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာ၀တီတိုင်းတို့က ရပ်ကွက်နဲ့ ကျေးရွာပေါင်း ငါးရာနီးပါး (၄၆၂ ရွာ) မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး လူနေအိမ်ပေါင်း ခြောက်သောင်းခွဲကျော် (၆၅,၇၅၉ လုံး) ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် တံတား ၂၄ စင်း၊ ဆည်/တမံ ငါးခု၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားစေတီ လေးဆူ၊ ထရန်စဖော်မာ ၁၄ လုံးနဲ့ ဓာတ်မီးတိုင် ငါးရာနီးပါး (၄၅၆ တိုင်) ထိခိုက်ပျက်စီးတယ်လို့လည်း ဆိုပါတယ်။ စာသင်ကျောင်းပေါင်း ၃၇၅ ကျောင်းလည်း ရေဝင်နစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ရေကြီးမှုကြောင့် မြို့နယ်ပေါင်း ၃၄ မြို့နယ်က လူဦးရေ နှစ်သိန်းလေးသောင်းနီးပါး (၂၃၆,၆၄၉) ကို ကူညီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပေးထားရကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဒီရက်ပိုင်း ထပ်တိုးလာတဲ့ ရေဘေးသင့်သူ အရေအတွက်ကိုတော့ ထုတ်ပြောလာတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ဒုဌ၀တီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်နဲ့ သံလွင်မြစ်ရေတွေဟာ မြို့တချို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။