ရေဘေးကယ်ဆယ်ရေးစခန်းတွေ မှာ ရောဂါတွေ ဖြစ်ပွား


2015.08.07
flooding-camp-620 မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာရွာက ကျောင်းတော်ရာဘုရားမှာ ရေဘေးဒုက္ခသည်တွေကို စောင့်ရှောက်ထား တဲ့ ဒုက္ခသည် စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ရန်ကုန်တိုင်း တိုက်ကြီးမြို့နဲ့ ပဲခူးတိုင်း သာယာဝတီမြို့က ရေဘေးကယ်ဆယ်ရေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တုပ်ကွေးရောဂါနဲ့ အရေပြားယားယံတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လိုက်ပါပြီး ကျန်းမာရေးစစ်ဆေးပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာ ဆရာဝန်တွေ လိုအပ်နေတယ်လို့ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ထွန်းလင်းအောင်က ပြောပါတယ်။

"လူတော်တော်များများ လှူတာကျတော့ ဘာတွေလှူလဲဆိုတော့ ကျနော်တို့ အဝတ်အစားလှူတယ်၊ ပိုက်ဆံလှူ တယ် အစားအသောက်လှူတယ်နော် ပြီးတော့ ဆေးဝါးဆိုလည်း ရှိသမျှအကုန်လုံးပုံပေးလိုက်တာများတယ်၊ အဲ့ဒီတော့ အမှန်တကယ်ပြောရရင် သူတို့ဘယ်လိုသွားရမလဲမသိကြဘူး၊ အဲ့ဒီတော့ ဆရာဝန်တွေအထိ ပါဝင်လာဖို့လိုအပ်တာပေါ့နော်၊ လူငယ်ဝန်တွေ သေသေချာချာလိုက်ကြည့်ပေးဖို့ လိုအပ်တာပေါ့နော် ၊ ဆေးတွေကတော့ တော်တော်လိုတယ် ဒါပေမယ့် သူတို့ကျတော့ ဆေးတွေဒီအတိုင်းချပေးရုံနဲ့ သုံးတက်မှာ မဟုတ်ဘူး ဆရာဝန်တွေအရမ်းလိုပါတယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဝန် စုစုပေါင်း ၃ဝ လောက်ဟာ ပဲခူးတိုင်း သာယာဝတီမြို့က ကရင်နှစ်ခြင်းခရစ်ယာန် အသင်းတော်နဲ့ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ရန်ကုန်တိုင်း တိုက်ကြီးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းကို သွားခဲ့ကြတာဖြစ်ပါတယ်။

သာယာဝတီမြို့မှာ ကယ်ဆယ်ရေးစခန်း ၁၁ ခု ရှိရာ လူဦးရေ ၃ ထောင်ကျော်ရောက်ရှိနေပြီး တိုက်ကြီးမြို့ မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုရှိပြီး ရေဘေးဒုက္ခသည် ၁၃ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒေါက်တာ ထွန်းလင်းအောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။