ဘားအံမှာ ရေကြီးရေလျှံမှု ဆိုးရွားစွာ ကြုံနေရ
2024.09.15
သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်နေတာကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ် ရပ်ကွက်အားလုံးနဲ့ အနီးအနားရွာတွေမှာ ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ရက်အတွင်း ရုတ်တရက် ရေကြီးလာတာဖြစ်ပြီး ဘားအံမြို့ပေါ် ရပ်ကွက် ကိုးခုလုံးမှာ ရေဝင်နစ်မြုပ်နေတယ်လို့ ဘားအံအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဘားအံမှာ ရပ်ကွက်ကိုးခုလုံး အပြင်ကို နောက်ထပ် ရွာဘက်ခြမ်းတွေမှာ ရေမြုပ်နေတာပေါ့။ ရေကတော့ စံချိန်တင်တာပေါ့။ ကျွန်တော်မွေးကတည်းကနေ အခုထိ ၂၆ နှစ်အတွင်းမှာဆို ဒါအဆိုးဆုံးဖြစ်တာပေါ့။ တစ်ခါမှ ရေမရောက်ဖူးတဲ့နေရာတွေအထိကို ရေရောက်လာတယ်ပေါ့။ ပြီးတော့ ရေတက်နှုန်းက အရမ်းမြန်တယ်။ နှစ်ရက်အတွင်းမှာကို ရပ်ကွက်တွေ အားလုံးမြုပ်သွားတာဗျ။ ရေစီးကလည်း ကြမ်းတယ်။ မြင်ဖူးသမျှထဲမှာဆို ဒီတစ်ခေါက် ရေစီးအကြမ်းဆုံးပဲ ကယ်ဆယ်ရေးသွားတဲ့လှေတွေ မှောက်တဲ့အထိပဲ”
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ခုနစ်ပေနီးပါး ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ပေမဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့မှာတော့ ဘားအံမြို့မှာ ခြောက်လက်မခန့် ရေပြန်ကျပြီး မြို့ပေါ် အထပ်မြင့်မှာ နေထိုင်သူတွေအတွက် ကယ်ဆယ်ရေးအဖွဲ့တွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးနေတယ်လို့ သူက ပြောပါတယ်။
ဘားအံမြို့မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ပြီး လူဦးရေ ၃၄၃၅ ဦးကို ရွှေ့ပြောင်းထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ဖော်ပြပါတယ်။
ဘားအံမြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း တတိယအကြိမ် ရေကြီးတာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ရေကြီးမှုဟာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဘားအံမြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာလည်း စက်တင်ဘာလ ၁၀ ရက်နေ့ညက သောင်ရင်းမြစ်ရေ မြင့်တက်လာပြီးနောက် နေအိမ်ခေါင်မိုးတွေ ရေမြုပ်သွားသည်အထိ ရေကြီးရေလျှံမှုတွေကို ကြုံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။