မိုးများလို့ ပုဂံရှေးဟောင်းဘုရားတချို့ပြိုကျ
2024.09.12
[Update: 6: 09 PM, Sep 12, 2024]
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့သစ်မှာရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားတချို့ မိုးရွာသွန်းမှုများပြီး စက်တင်ဘာ ၁၂ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြိုကျတဲ့ ရှေးဟောင်းဘုရားတွေထဲမှာ ဘုရားအမှတ် ၁၀၄၂ ဖြစ်တဲ့ ဆင်က ဘုရားဟာ ၁၃ ရာစုလက်ရာ တစ်ခုဖြစ်ပြီး ရေဝင်ရောက်မှုများတာကြောင့် ပြိုကျသွားတာလို့ ဆိုပါတယ်။
ဒါ့အပြင် ငှက်ပစ်တောင်ပေါ်က ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရားလည်း ဖောင်းတန်းပစ္စယံတချို့ ပြိုကျခဲ့တာပါ။
ဘုရားတစ်ဆူလုံး ပြိုကျသွားတာမျိုး မဟုတ်ဘဲ ရေစိမ့်ဝင်မှုဒဏ်ကြောင့် အုတ်ချပ်တွေ ရွေ့လျား ပျက်စီးကုန်တာလို့ ဒေသခံတွေက ဆိုပါတယ်။
ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကတော့ ပျက်စီးသွားတဲ့ အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတယ်လို့ RFA ကို ဖြေဆိုပါတယ်။
"မိုးရေချိန်က ကိုးလက်မလောက်ရှိတော့ ရေတွေဝင်ပြီး ပျက်စီးတာပေါ့နော်။ ဆင်ကဘုရားကတော့ ဆယ်ပေပတ်ချာလည်လောက် အုတ်ချပ်တွေ ကွာကျတယ်။ စေတီကြီးဘုရားက ဖောင်းရစ်တွေ ပြုတ်ကျတာပေါ့။ နောက် ထီးလိုမင်းလိုဘုရားအုတ်တံတိုင်းက ခြောက်ပေဝန်းကျင် အုတ်ချပ်တွေ ကွာကျတယ်။ အခုချက်ချင်းပဲ ပုဂံက ဒေသခံအဖွဲ့အစည်းတွေနဲ့အတူ ပြန်လည်ထိန်းသိမ်းပြင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်"
၂၀၂၃ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် ပုဂံဘုရား ခြောက်ဆယ်ဝန်းကျင် ပြိုကျပျက်စီးခဲ့ပေမဲ့ နဂိုလက်ရာမပျောက်အောင် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း ပုဂံမှာ မိုးရွာသွန်းမှုများတာကြောင့် ဘုရားအမှတ် ၁၀၈ သံပျင်စွာဘုရား တောင်ဘက် တိုက်နံရံပြိုကျခဲ့သလို ဓမ္မရာဇကဘုရားရဲ့ မြောက်ဘက်ခြမ်း မဟာရံတံတိုင်း ပြိုကျပျက်စီး ခဲ့ပါတယ်။