မိုးများပြီးရေကြီးလို့ စစ်ကိုင်း၊ ကရင်နဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေ အခက်တွေ့နေ
မြန်မာနိုင်ငံအနှံ့ မိုးကြီးနေတာကြောင့် တောတောင်တွေထဲ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တွေ ရိက္ခာနဲ့ နေစရာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတချို့ဟာ သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်နေတာကြောင့် ရိက္ခာသယ်ယူရေးလမ်းကြောင်း တွေမှာ အခက်အခဲရှိနေပါတယ်။
“ဒီမိုးရွာတဲ့အတွက်ကြောင့် ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေ တော်တော်လေး ထိခိုက်လာတယ်"
သောင်ရင်းမြစ်နဲ့ နီးစပ်တဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုဟာလည်း မနေ့က ကမ်းပါးပြိုကျ တာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ အဲဒီစခန်း Site 3 ရဲ့ တာဝန်ခံ ကိုစောလားဝါးက ပြောပါတယ်။
“ဒီကမ်းနားမှာ နေထိုင်တဲ့ အဲဒီစစ်ဘေးဒုက္ခသည်တွေက လောလောဆယ် နေရာရွှေ့ရတယ်ပေါ့နော်။ ကျနော်တို့ရဲ့ စစ်ဘေးဒုက္ခသည်တွေ ကမ်းနားမှာ နေထိုင်နေတာက အိမ်ထောင်စု ၂၅ဝ ကျော်ရှိတယ်။ မိုးတွင်းပိုင်း မိုးရွာလို့ ရေကြီးတော့ စစ်ဘေးဒုက္ခသည် အတွက် ဆောက်ပေးထားတဲ့ အိမ်အလုံး ၁ဝဝ မှာ ပြန်စုပြီး နေရတယ်။ တချို့တွေကျ တော့ တောင်ယာနဲ့ ကျောင်းတွေမှာ နေရတယ်”
အဲဒီစခန်းမှာ ဒုက္ခသည် ၉ဝဝ ဝန်းကျင်နေထိုင်ပြီး သူတို့ဟာ ရသေ့ဂူ၊ မယ်ဝါးခီး၊ ဖလူးလေး စတဲ့ ဒေသတွေက အများဆုံးဖြစ်ကြပါတယ်။ အိမ်တစ်လုံးကို မိသားစုသုံးစု စုပေါင်းပြီး ဖြစ်သလိုနေထိုင်ကြရတယ်လို့ သူက ပြောပြပါတယ်။
အဲဒီဒေသထဲက စစ်ဘေးဒုက္ခသည် ၄ဝဝ ကျော်ရှိတဲ့ စခန်း Site 5 အနီးမှာတော့ သောင်ရင်း မြစ်ရေ မြင့်တက်နေပြီး သွားလာဖို့တောင် အဆင်မပြေတော့ဘူးလို့ အဲဒီစခန်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် မနော်အယ်ဝါး က ပြောပြပါတယ်။
“ကျမတို့ဘက်မှာကျတော့ မြစ်ချောင်းရေကြီးတယ်လို့ ပြောရမှာပေါ့။ ကျမတို့ လမ်း သွားရတာ အဆင်မပြေဘူးလေ။ သိပ်တော့ရေမကြီးသေးပေမယ့် ဒီထက်အခြေအနေဆိုး လာရင် သွားလာဖို့တော့ အခက်အခဲဖြစ်နေတယ်။ သွားရေးလာရေး အဆင်မပြေတဲ့ အခါကျ ကျမတို့ ရိက္ခာလာပို့တဲ့အခါ လာကြိုလို့မရဘူးဆို အနည်းအကျဉ်းတော့ အခက် အခဲရှိမယ်ထင်တယ်”
လူဦးရေ ၁၃ဝဝ ဝန်းကျင်ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း Site 1 မှာတော့ စစ်ဘေးဒုက္ခသည် တွေအတွက် အမိုးအကာပါ နေအိမ်၊ တဲတွေကို ဆောက်လုပ်ပြီးစီးပြီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲရှိနိုင်တယ်လို့ Site 1 ရဲ့ တာဝန်ခံ ဦးမျက်မှန်က ပြောပြပါတယ်။
မြဝတီတောင်ပိုင်းမှာ လေးကေ့ကော်တိုက်ပွဲပြီးနောက် စစ်ဘေးဒုက္ခသည်စခန်း ငါးခုရှိ လာပြီး စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် နေထိုင်ကြတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်နီ (ကယား) ပြည်နယ်မှာတော့ မိုးရွာသီရောက်တာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ ရိက္ခာသယ်ယူရေး ခက်ခဲတာတွေရှိလာတယ်လို့ ကရင်နီပြည် နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဒီမိုးရွာတဲ့အတွက်ကြောင့် ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေ တော်တော်လေး ထိခိုက်လာတယ်။ မိုးရာသီဆို ပုံမှန်ကုန်ဈေးနှုန်းကိုလည်း နှစ်ဆတက်လာတာ ရှိတယ်။ ပြီးတော့ ကုသဖို့ဆေးလည်း လုံလောက်မှုမရှိဘူးဗျ။ ပထမက မိုးကာဖြစ်မယ်။ ဒုတိယက ဆန်ပေါ့နော်။ တတိယကတော့ ဆေးဝါး လိုအပ်တာမျိုးရှိတယ်ဗျ”
ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး မိုးဗြဲ-ဖယ်ခုံ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ငါးထောင် ဝန်းကျင် တိုးလာနေတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က ကောက်ယူထားတဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
အလားတူပဲ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက စစ်ဘေး ဒုက္ခသည် ငါးထောင်ဝန်းကျင်ဟာ မိုးတွင်းအတွက် မိုးကာနဲ့ ဆေးဝါး၊ ရိက္ခာလိုအပ်ချက် ရှိနေတယ်လို့ မင်းကင်းမြို့နယ် ပျားသုံးကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးတွေသည်းထန်စွာရွာတော့ နေရေးထိုင်ရေးတွေလည်း တော်တော်လေးခက်ခဲတယ်။ မိုးကာတွေလည်း လိုအပ်တယ်။ အစားသောက်၊ ဆန်တွေနဲ့ ဆေးဝါးတွေလည်း လိုအပ် တယ်။ မိုးတွင်းပိုင်းရောက်လာတော့ ခြင်ကိုက်တာနဲ့ဆိုတော့ တုပ်ကွေးဖြစ်တာတွေ ရှိတယ်။ မိုးကာကလည်း မလုံလောက်တော့ စားသောက်စရာတွေ ပြတ်တယ်”

အခုဆိုရင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကိုးသောင်း ကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UN OCHA က မေ ၁၁ ရက်က ထုတ်ပြန်ထားပြီး မြန်မာပြည် အရှေ့တောင်ပိုင်းက ဒုက္ခသည် နှစ်သိန်းခွဲနီးပါး ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီဒုက္ခသည်တွေဟာ မိုးရာသီရဲ့ဒဏ်ကို တောထဲတောင်ထဲမှာ ရင်ဆိုင်နေကြရပြီး ဒီနေ့ မေလ ၂၂ ရက် မနက် မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်၊ ကရင် စတဲ့ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းတို့မှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံအနှံ့အပြားက စစ်ဘေးဒုက္ခသည်တွေဟာ မိုးရာသီကို ကြံ့ကြံ့ခိုင်နိုင်ဖို့ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီကို မျှော်လင့်နေကြရတယ် လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။