ရခိုင်မှာ သောက်သုံးရေကန် တစ်ရာခန့် ရေလွှမ်းပျက်စီး
2023.08.10

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြစ်ရေလျှံမှုတွေကြောင့် ကျောက်တော်၊ မင်းပြားမြို့နယ်တွေမှာရှိတဲ့ ရွာပေါင်း လေးဆယ်ကျော်က သောက်သုံးရေကန် တစ်ရာလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မင်းပြားမြို့နယ်မှာ လေးမြို့မြစ်ရေ မြင့်တက်လာမှုကြောင့် ပန်းမြောင်းကြီးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံကြီး၊ တောတန်းစတဲ့ ရွာတွေအပါအဝင် ရွာပေါင်း နှစ်ဆယ်ကျော်က သောက်သုံးရေကန် ရွှံ့နစ်၊ နွံနစ်တွေဝင်ပြီး ပျက်စီးသွားတာလို့ မင်းပြားဒေသခံ ကိုအမ်းသားကြီးက ပြောပါတယ်။
"မင်းပြားမှာဆိုရင် ရွာပေါင်း နှစ်ဆယ်လောက်မှာ သောက်သုံးရေကန်တွေ ပျက်စီးသွားတယ်။ ရွှံ့တွေဝင်သွားတာပေါ့။ တစ်ရွာမှာရှိတဲ့ကန်တွေအားလုံး ပျက်စီးသွားတာရှိတယ်။ တစ်ကန်၊ နှစ်ကန် ကျန်ခဲ့တာလည်းရှိတယ်။ ကျနော်တို့ သွားကြည့်ခဲ့တဲ့ ကန်တွေက အဲဒီရေတွေဟာ သောက်သုံးလို့ မရတော့ဘူး။ လောလောဆယ်တော့ ဒေသခံတွေက မိုးရေတွေ၊ တောင်ကျရေတွေကို သောက်သုံးနေရတယ်။ ဒီကန်တွေကို ဒီအတိုင်းထားလို့တော့မရဘူး။ စုပ်ထုတ်ပစ်ဖို့ လိုအပ်တယ်"
ဒေသခံတွေအနေနဲ့တော့ ပျက်စီးသွားတဲ့ ရေကန်တွေကို စုပ်ထုတ်နိုင်ဖို့ ခက်ခဲတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ ကျောက်တော်မြို့နယ်မှာလည်း ကုလားတန်မြစ်ရေ မြင့်တက်လာတာကြောင့် ရွာပေါင်း နှစ်ဆယ်ကျော်က ရေကန်တွေပျက်စီးသွားတယ်လို့ ရေဘေး ကူညီဆောင်ရွက် ပေးနေတဲ့ ဖြူစင်မေတ္တာပရဟိတ အသင်းဥက္ကဋ္ဌ ကိုညီပုက RFA ကိုပြောပါတယ်။
"လောလောဆယ် ကျွန်တော်တို့သိထားရတာက ရွာပေါင်းနှစ်ဆယ်ကျော်က လုံးဝရေနစ်သွားတယ်။ အဲဒီရွာတွေက သောက်သုံးရေကန်တွေလည်း ပျက်စီးသွားတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ ဒါပေမဲ့ ရေမြုပ်ခဲ့တဲ့ ရွာတွေအားလုံးနီးပါးက ရေကန်တွေပျက်စီးသွားတယ်။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ အဲဒီကန်တွေကို မစုပ်ထုတ်နိုင်သေးဘူး။ ရိက္ခာတချို့ပဲ ထောက်ပံ့ပေးနေတယ်"
အခုလို ပျက်စီးသွားတဲ့ သောက်သုံးရေကန်တွေကို အချိန်မီ မပြုပြင်နိုင်ရင် သောက်သုံးရေအတွက် ဒေသခံတွေ အတော်လေး ခက်ခဲသွားကြမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ မြစ်တွေကနေ ဒီရေတက်လာမှုကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေမှာ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အများအပြား ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းခဲ့ရပါတယ်။
အဲဒီထဲမှာ လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်း ဒုက္ခသည်စခန်းနဲ့ လူဦးရေ တစ်ထောင်ကျော်ခိုလှုံနေတဲ့ မြောက်ဦးမြို့ မြတန်ဆောင်း ဒုက္ခသည်စခန်းတို့လည်း ပါဝင်ပါတယ်။