ပုံးအင်းဒေသမှာ ရေကြီးရေလျှံမှု လနဲ့ချီ ကြာမြင့်နေပြီး အကူအညီတွေ လိုအပ်နေ

RFA Burmese
2024.10.08
ပုံးအင်းဒေသမှာ ရေကြီးရေလျှံမှု လနဲ့ချီ ကြာမြင့်နေပြီး အကူအညီတွေ လိုအပ်နေ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပုံးအင်းဒေသ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ပုံးအင်းဒေသမှာ ရွာနှစ်ဆယ်ကျော် ရေနစ်မြုပ်နေတာ တစ်လနီးပါးအထိ ကြာမြင့်နေတာကြောင့် ရေဘေးသင့်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက အောက်တိုဘာလ ၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

လက်ရှိမှာ ရေအနည်းငယ်ပြန်ကျပေမဲ့ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး ဒေသစီးပွားရေး အဓိကလုပ်ငန်းဖြစ်တဲ့ စပါးစိုက်ခင်း ဧကသုံးသောင်းခန့်လည်း ရေနစ်မြုပ်ပျက်စီးခဲ့သလို နေအိမ်တချို့လည်း ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဆုံးရှုံးမှုများပေမဲ့ ထိရောက်တဲ့ အကူအညီတွေ မရသေးဘူးလို့ ပုံးအင်းဒေသအခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကစီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်းဆိုတော့ စိုက်ထားတဲ့ စိုက်ခင်းတွေလည်း အားလုံးဆုံးရှုံးသွားတော့ အဲဒီအထဲက ဘာမှ မျှော်လင့်လို့မရတော့ဘူးလေ၊ ရေနစ်တာကြာလေ၊ ထိခိုက်ပျက်စီးမှုတွေများလေလို့ပဲ ပြောချင်ပါတယ်။ စစ်ကောင်စီဘက်ကလည်း ရေဘေးဒုက္ခသည်တွေကို တီဗီထဲမှာပဲ ကူညီနေတာတွေ့ရပေမဲ့ ကျွန်မတို့ ပုံးအင်းဒေသဘက်ကို ဘယ်သူမှလာပြီး ကူညီတာ ဒီနေ့အထိမတွေ့ရသေးပါဘူး”

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ ရှမ်းပြည်နယ် ထဲက ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေးတွေလုပ်ပေးမယ်လို့ RFA ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြောထားပါတယ်။

ပုံးအင်းဒေသဟာ ဆီဆိုင်မြို့နယ်နဲ့ ကျောက်တလုံးကြီးမြို့နယ်ထဲမှာပါဝင်ပြီး ကျေးရွာပေါင်း ၅၂ ရွာထဲက ရေနဲ့ ထိစပ်တဲ့ ကျေးရွာပေါင်း နှစ်ဆယ်ကျော် ရေနစ်မြုပ်ခဲ့တာပါ။ အဲဒီအထဲက မြေနိမ့်ပိုင်းမှာရှိတဲ့ ဆိုင်လဲအရှေ့ရွာ၊ ဝမ်းနောက်၊ နောင်စန့်၊ ပန်လွန် နဲ့ ပန်မွန်း ရွာတွေကတော့ ရေဘေးကို အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပုံးအင်းဒေသဟာ အခုမိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု သုံးကြိမ်အထိ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။