မြစ်သားမှာ ရေဘေးဒုက္ခသည် နှစ်သောင်းကျော် နေရပ်မပြန်နိုင်သေး
2024.10.06
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ခြောက်ဆယ်ခန့်က ရေဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ တစ်လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ မြစ်သားမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကိုပြောပါတယ်။
သူတို့ဟာ နီးစပ်ရာ ဘုရားဝန်းတွေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ အမြင့်ပိုင်းနေရာတွေမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဘေးကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"လူလေးထောင်က မြစ်သားမြို့ အနိမ့်ပိုင်းရပ်ကွက်မှာ ရှိနေတဲ့သူပေါ့။ ကျေးရွာပိုင်းမှာလည်း သူ့ဟာနဲ့သူတော့ အနိမ့်ပိုင်းတွေမှာ ရှိနေသေးတယ်။ ပထမ ရေကြီးသလိုမျိုး အကုန်လုံး တစ်ပြင်လုံးကြီးဖြစ်သွားတာ မဟုတ်တော့ဘူး။ နိမ့်တဲ့အပိုင်းလေးတွေ ကျန်နေတာပေါ့နော်။ အဆိုးဆုံးရွာတွေကို ကျွန်တော်တို့ မနေ့က ပထမတစ်သုတ် ၁၁ ရွာ လှူပေးတယ်။ ဒီနေ့ဆိုရင် ရှစ်ရွာ လှူပေးတယ်"
မြစ်သားမြို့ပေါ်က ရှင်စောထူး၊ ရွှေဘုန်းပွင့်ဘုရားနဲ့ မြို့အထွက် ဘုရားကုန်းတော်တွေမှာ ရေဘေးခိုလှုံနေသူတွေ နေရပ်မပြန်နိုင်သေးဘဲ ယာယီခိုလှုံနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး မြစ်သားမြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၆၈ အုပ်စုမှာရှိတဲ့ လူဦးရေ ရှစ်သောင်းကျော် ရေဘေးဒုက္ခကြုံခဲ့ရတာပါ။
အဲဒီအထဲက လူနှစ်သောင်းကျော်ဟာ အောက်တိုဘာလ ၁ ရက်နေ့က ပန်းလောင်မြစ် အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာတာကြောင့် ရေကြီးရေလျှံမှုတွေ ထပ်မံကြုံတွေ့နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကင်းတားဆည် ရေပိုလွှဲကနေ ဆည်ရေဖောက်ချနေတာကြောင့် ပန်းလောင်မြစ်မှာ ရေကြီးရေလျှံမှုတွေ ထပ်ပြီးကြုံတွေ့ရတာကြောင့် ရေဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတာလို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က အောက်တိုဘာလ ၆ ရက်နေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
မြစ်သားမြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်ကစပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီး လူနေအိမ် ငါးဆယ်ဝန်းကျင် အိမ်အလုံးလိုက် မျောပါပျက်စီးသွားတယ်လို့ မြစ်သားမြို့က ရေဘေးကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။