ရမည်းသင်းမှာ ထောင်ဝင်စာပို့သူတချို့ ပန်းပန်တယ်ဆိုပြီး ဖမ်းဆီးအမှုဖွင့်ခံရ
2023.06.20

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်ကနေ ထောင်ဝင်စာပို့ပြီးပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးတို့ကို ပန်းပန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးပြီး အမှုဖွင့်ခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ဝင်စာပို့အပြီး အကျဉ်းထောင်အနီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် နိုင်ငံရေးအကျဉ်းသားမိသားစုဝင် နှစ်ဦးနဲ့ အဲဒီအကျဉ်းထောင်ကနေ မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦး စုစုပေါင်းသုံးဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကို ရမည်းသင်းရဲစခန်းကနေ ပုဒ်မ - ၅၀၅-က နဲ့ အမှုဖွင့်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြချိန် သူတို့သုံးယောက်လုံးကို ကားပေါ်ဆွဲတင် သွားတာပေါ့လေ။ အဓိက ကတော့ ပန်းသပိတ်မှာ ပါတယ်ဆိုပြီးတော့ပေါ့ဗျာ။ ပန်းပန်တယ်ဆိုပြီးတော့ပေါ့။ အခုက သူတို့ ရမည်းသင်းရဲစခန်း အချုပ်မှာပဲ ဖမ်းထားတယ်”
အမှုဖွင့်ခံရသူတွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ရမည်းသင်းအကျဉ်းထောင် ကနေ လွမ်းငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသူရမောင်မောင်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားခင်ပွန်းထံ ထောင်ဝင်စာလာပို့တဲ့ ဒေါ်စန္ဒာမြင့်တို့ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
လက်ရှိ ခင်ပွန်းထောင်ကျနေပြီး ထောင်ဝင်စာလာပို့တဲ့ ဇနီးဖြစ်သူပါ ဖမ်းဆီးခံရတာကြောင့် အပြင်မှာကျန်နေတဲ့ ကလေးသုံးဦးရဲ့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှာ ပန်းသပိတ်ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီးက ပန်းပန်သူ၊ ပန်းကိုင်ဆောင်သူ တချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။