ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် ပါတီလေးခု မှတ်ပုံတင်ခွင့် လျှောက်ထား
2023.02.11
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီလေးခုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ဥပဒေသစ်တွေအရ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီတည်ထောင်ခွင့် ပြန်လည်လျှောက်ထားလိုက်ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP အပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP နဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ MPD တို့ဟာ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကို အမည်ပြောင်းလဲပြီး ပြန်လည်လျှောက်ထားတဲ့ပါတီဖြစ်ပါတယ်။
ပြည်ထောင်စုဒီမိုကရေစီပါတီ UDP ကတော့ ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်စားလှယ်လောင်း သုံးယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိလို့ ပါတီတည်ထောင်ခွင့် ဖျက်သိမ်းခံထားရတဲ့ ပါတီပါ။
နောက်ထပ် မြန်မာပြည်သူ့ဒီမိုကရေစီပါတီ MPD ကတော့ ၂ဝ၁၇ ခုနှစ်မှာစတင် တည်ထောင်ခွင့်ရခဲ့တာဖြစ်ပြီး၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနိုင်ငံရေးပါတီ လေးခုဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အတွင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ကြတဲ့ပါတီတွေ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင် တည်ထောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ကြေညာထားပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေသစ်တွေကို ပြီးခဲ့တဲ့လကုန်လောက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီဥပဒေတွေဟာ ကန့်သတ်ချက်တွေ များလွန်းပြီး၊ နိုင်ငံရေးပါတီ အတော်များများဆက်လက်ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့ ပြဋ္ဌာန်းချက်တွေပါဝင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ပါတီဦးဆောင်သူတွေက ပြောကြပါတယ်။
လက်ရှိ နိုင်ငံရေးပါတီ ၉၁ ပါတီရှိပြီး ဒီပါတီအားလုံးဟာ ဒီဥပဒေသစ် ပြဋ္ဌာန်းလိုက်တဲ့နေ့ကစလို့ ရက်ပေါင်း ၆ဝ အတွင်း ပြန်မှတ်ပုံတင်ရမှာဖြစ်သလို မှတ်ပုံမတင်ရင် ပါတီအလိုအလျောက် ဖျက်သိမ်းပြီးသား ဖြစ်မှာပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်အရ ပါတီဆက်လက်ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် ဒီမိုကရေစီအင်အားစုတွေ၊ အာဏာရှင် တော်လှန်ရေးအဖွဲ့အစည်းတွေက ကန့်ကွက်ထားကြပါတယ်။