လားရှိုးမြို့နယ်အတွင်း ဒုစရိုက်မှုကျူးလွန်သူ လေးဦးကို MNDAA သေဒဏ်စီရင်

RFA Burmese
2023.05.03
လားရှိုးမြို့နယ်အတွင်း ဒုစရိုက်မှုကျူးလွန်သူ လေးဦးကို MNDAA သေဒဏ်စီရင် လားရှိုးမြို့နယ်အတွင်း လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူ လေးဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က သေဒဏ်စီရင်ခဲ့စဉ်။
The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူလေးဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က မေလ ၂ ရက်နေ့မှာ သေဒဏ်စီရင် လိုက်တယ်လို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်က ပြောပါတယ်။

ဒုစရိုက်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေဘက်က တိုင်ကြားတာရှိသလို ဒေသတွင်း သတင်းတွေအပေါ် MNDAA တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့တာလို့ ကိုရန်နိုင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖမ်းမိသူတွေကို တရားစီရင်ရေး အစည်းအဝေးကြီးဖွင့်လှစ်ပြီး စစ်ဆေးတဲ့အခါမှာ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ဖွင့်ဆိုပြောပြကြတယ်။ အဲတော့ သူတို့ရဲ့ပြစ်မှုတွေကို အဲနေရာမှာပဲ သေဒဏ်ပြစ်ဒဏ်ချမှတ်လိုက်ပြီ၊ သေဒဏ်စီရင် လိုက်ပြီခင်ဗျ”

သေဒဏ်စီရင်ခံရသူတွေဟာ လားရှိုးမြို့ရပ်ကွက် (၅) မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ရှီဝေးယုန်၊ အသက် ၂၉ နှစ်အရွယ် Guo Guo Shaowei၊ ၁၈ နှစ်အရွယ် Shi Weichang နဲ့ ၂၁ နှစ်အရွယ် Guo Shauokuan တို့ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်ပန်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လားရှိုးမြို့နယ်အတွင်း သူတို့ ကျူလွန်ခဲ့တဲ့ ပြစ်ဒဏ်၂၅ ခုမှာ အများစုကပြန်ပေးဆွဲ လူသတ်မှုတွေဖြစ်ပြီး တရုတ်နိုင်ငံသား တစ်ဦး၊ အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေထံကနေ ငွေကျပ် ၇ ဒသမ ၄၅၁ ဘီလီယံနဲ့ တန်ဖိုးကြီးကားကိုးစီးကိုပါ ရရှိထားပြီး ပြစ်မှုကျူးလွန်ရာမှာ နောက်ထပ်ပါဝင်တဲ့သူတွေကိုပါ ဆက်လက်စုံစမ်းနေ တယ်လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့ တွေမှာ ပြန်ပေးဆွဲငွေတောင်းတာ၊ နေအိမ်ထဲလက်နက်နဲ့ဝင်ရောက်ပြီး ဓားပြတိုက်တဲ့ ကိစ္စတွေ ပိုများလာတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။

အဲဒီကိစ္စတိုင်းမှာ တရုတ်လူမျိုးတွေက ပိုပစ်မှတ်ထားခံရပြီး ပြန်ပေးဆွဲမှုတိုင်းမှာ တရုတ် ယွမ်ငွေ သိန်းဆယ်နဲ့ချီပြီး ရွေးခိုင်းတဲ့ဖြစ်စဉ်တွေက အများဆုံးဖြစ်နေတယ်လို့လည်း ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။