ကလေးမြို့က တက္ကသိုလ်ကျောင်းသား လေးယောက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့က တက္ကသိုလ်ကျောင်းသား လေးယောက်ဟာ ရာဇသတ်ပြီး ဥပဒေ ပုဒ်မ ၅၀၅ အမှု အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲခံထားရတယ်လို့ ကလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်က အဖမ်းခံခဲ့ရတဲ့ ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဂျေ ညီစိုးဟာ ဒီဇင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၂ နှစ် အမိန့်ချခံလိုက်ရသလို သူနဲ့အတူ တက္ကသိုလ်ကျောင်းသား သုံးဦးလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) တွေနဲ့ ကလေး အကျဉ်းထောင်မှာ လက်ရှိတရားရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုမျိုးသစ်ကျော်၊ ကလေးတက္ကသိုလ် ဘူမိဗေဒ ကျောင်း သား ကိုဟောက်ဇမုန်နဲ့ ကလေးတက္ကသိုလ် ပထဝီဝင် အထူးပြု ကျောင်းသား ကိုဇင်မင်းထက်တို့ဟာ လက်ရှိ ကလေးအကျဉ်းထောင်မှာ တရားစွဲခံနေရတာဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတာဟာ တစ်ကယ်ကျူးလွန်မှု မရှိဘဲ မတရားတဲ့ဥပဒေနဲ့ တရားစွဲခံထားရတာလို့ ကလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူ တွေက ပြောပါတယ်။
ကလေးတက္ကသိုလ်မှာ ရူပဗေဒ ဘာသာရပ်အထူးပြု ကျောင်းသား ကိုဂျေညီစိုးဟာ သြဂုတ်လထဲက ကလေး မြို့ကနေ နေရပ်အပြန် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ကိုမျိုးသစ်ကျော်က မတ်လ ၂၆ ရက်နေ့က အောင်သစ္စာရပ်ကွက်က လမ်းမပေါ်သွားလာနေချိန် စစ်ကောင်စီ တပ်တွေ ဖမ်းဆီးတာခံရတာပါ။
ကိုဇင်မင်းထက်ကတော့ မေလ ၁၅ ရက်နေ့က စမ်းမြို့ရပ်ကွက် စစ်ကောင်စီ တပ်တွေ ဧည့်စာရင်းဝင်စစ် ချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ ကိုဟောက်ဇမုန်ကတော့ စက်တင်ဘာ (၇) ရက် အောင်သစ္စာရပ်ကွက်က ဆန္ဒပြသပိတ်အနီး လမ်းမပေါ်ရှိနေချိန် စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ပြီး ဖမ်းဆီးသွားတာလို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
သူတို့အားလုံးဟာ ကလေးမြို့က ဆန္ဒပြပွဲတွေမှာ အမြဲပါဝင်သူတွေဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားဖမ်းဆီးခံရတာဖြစ်ပြီး မတရားတဲ့ ဥပဒေပုဒ်မတွေ တပ်ပြီးတရားစွဲခံထားရတာလို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူက ပြောပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ကတော့ အမြင့်ဆုံး ပြစ်ဒဏ်ထောင် ၂နှစ်ဖြစ်ပြီး၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ကတော့အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်း ဖြစ်ပါတယ်။
ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၃၉၀ ဦးရှိတယ်လို့ ကလေးမြို့သပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။