မိုခါဆိုင်ကလုန်းဒဏ်သင့် မြန်မာပြည်သူတွေကို ပြင်သစ် ကူညီမည်
2023.05.25

မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်အစိုးရက ကြေညာပါတယ်။
မုန်တိုင်းကြောင့် လူ ၉ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ရပြီး အများအပြားသေဆုံးတဲ့အပေါ် ပြင်သစ်နိုင်ငံအနေနဲ့ ဝမ်းနည်းကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေအတွက် အမိုးအကာ၊ သောက်ရေ နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ကူညီသွားမှာ ဖြစ်ပြီး ဒီအကူအညီတွေကို မုန်တိုင်းသင့်ဒေသတွေဆီ သွားရောက်ကူညီနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့ အဆင်သင့် ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်သူတွေထံကို လုံလုံခြုံခြုံ နဲ့ အနှောက်အယှက် အဟန့်အတားမရှိ ပေးပို့သွားမယ့်အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။