စစ်တွေမှာ စက်သုံးဆီ တစ်လီတာ ကျပ်သုံးသောင်းဖြစ်လာပြီး တစ်နိုင်ငံလုံး ဆီလိုသလောက်မရဖြစ်နေ

RFA Burmese
2023.12.09
စစ်တွေမှာ စက်သုံးဆီ တစ်လီတာ ကျပ်သုံးသောင်းဖြစ်လာပြီး တစ်နိုင်ငံလုံး ဆီလိုသလောက်မရဖြစ်နေ ရန်ကုန်မြို့တွင် စက်သုံးဆီ တန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ်သုံးသောင်းကျော်အထိ ဖြစ်နေသလို ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း ဆီပြတ်လပ်ပြီး စျေးတက်လာတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်တွေမြို့ပေါ်မှာ ဒီဇင်ဘာ ၆ ရက်က စက်သုံးဆီ (92 အမျိုးအစား ဓာတ်ဆီ) တစ်လီတာကို ကျပ် တစ်သောင်းခွဲကျော် ရှိရာကနေ တဖြည်းဖြည်း ဈေးတက်လာပြီး ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းမှာတော့ တစ်လီတာကို ကျပ်သုံးသောင်းကျော်အထိ ဈေးမြင့်ခဲ့တာလို့ ဆိုပါတယ်။
 
စျေးအဆမတန် မြင့်တက်လာပေမယ့် လိုချင်သလောက် ဝယ်မရဘူးလို့ လုံခြုံရေး အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“လိုသလောက်လည်း မရဘူး။ လမ်းဘေးဆိုင်တွေက ရောင်းတာ။ ဆိုင်ကြီးတွေက ဆီမရှိလို့ဆိုပြီး ပိတ်သွားတာ ရက်ကြာနေပြီ။ မနေ့က မနက်ပိုင်းကပြီး တစ်လီတာကို  သုံးသောင်းကျော် ဖြစ်သွားတာ။ အောက်တိန်းတောင် အစစ်ရတာ မဟုတ်ဘူး။ အရောင်ရဲရဲနဲ့ အောက်တိန်း မစစ်တဲ့ဆီတွေကို သုံးသောင်းပေးပြီး ဝယ်နေကြရတာ။ အခုဆိုင်ကယ်လည်း မစီးဘဲ ထိုးထားရတယ်။ စက်ဆီမှမဟုတ်ဘူး။ အကုန်ပြတ်ပြီး ဈေးကြီးနေတာ”
 
ရန်ကုန်မြို့မှာလည်း စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်တွေမှာ ကားအစီးရေ ရာနဲ့ချီ တစ်နေကုန် တန်းစီ ဝယ်ယူနေရပြီး မြို့နယ်အလိုက် ဖွင့်တဲ့ဆီဆိုင်တွေရဲ့  အခြေအနေကိုပါ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာကနေ စုံစမ်းပြီးမှ သွားနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
မီးလည်း ပုံမှန် မလာသလို စက်သုံးဆီပါ ပြတ်လပ်လာတာကြောင့် လက်ရှိမှာ လုပ်ငန်းရပ်ဆိုင်းခါနီး ဖြစ်နေပြီလို့ ရန်ကုန်မြို့မှာရှိတဲ့ အိမ်တွင်း လက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။
 
“စက်သုံးဆီက ပြတ်နေတော့ အခုက မီးတွေလည်း မမှန်ဘူးလေ။ မီးမမှန်တော့ မီးစက်နဲ့ သုံးရတဲ့အပိုင်းမှာ အချိန်ယူပြီးတော့ သွားတန်းစီနေရတာပေါ့။ ရဖို့က အရမ်းခက်တယ်။ တန်းစီရင်လည်း ကိုယ့်အလှည့်မရောက်ခင် ဆီကုန်လို့ လှည့်ပြန်ရတာတွေ ရှိတယ်။ အခုက ဘူးလေးတွေနဲ့ ဝယ်ဖို့လည်းမရဘူး။ ကားနဲ့တန်းစီရင်လည်း မနက်ကနေ ညနေစောင်း၊ တစ်ခါတစ်ခါ ညပိုင်းအထိ တန်းစီရတာတွေရှိတယ်။ ဟိုနေ့က သွားတန်းစီတာတော့ ဆီတစ်လီတာ သုံးထောင်ဝန်းကျင်တော့ ဖြစ်နေပြီ”
 
မန္တလေး၊ နေပြည်တော်နဲ့ မြို့ကြီးတွေ အပါအဝင် ရန်ကုန်- မန္တလေး အဝေးပြေးလမ်းတစ်လျှောက်က စက်သုံးဆီ ဆိုင်တွေမှာလည်း ဆီပြတ်လပ်နေလို့ ခရီးသွား ပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာလည်း စက်သုံးဆီကို လမ်းဘေးမှာ ဘူးနဲ့ရောင်းတဲ့ဆိုင်တွေမှာ ဝယ်သုံးနေရပြီး ဒီဇင်ဘာလ ၉ ရက် ဒီနေ့မှာ တစ်လီတာကို ကျပ်ရှစ်ထောင်ကနေ ကျပ် ၁၂,၀၀၀ အထိ ဈေးရှိတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
 
ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း စက်သုံးဆီဆိုင် ၁၂ ဆိုင်ခန့် ရှိတဲ့အထဲက DENKO ဆီဆိုင်တစ်ဆိုင်သာ ဆီရပြီး အဲဒီဆိုင်လည်း ဒီဇင်ဘာ ၉ ရက်ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဆီပြတ်သွားပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
အခုလို စက်သုံးဆီစျေးကွက် မတည်မငြိမ် ဖြစ်နေတာဟာ စက်သုံးဆီ ကုမ္ပဏီတွေအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းနေရတာကြောင့်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောထားပါတယ်။
 
နိုင်ငံတစ်ဝန်းက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်လို့ တန်းစီဝယ်ယူနေကြရပေမယ့် စစ်ကောင်စီဘက်ကတော့ ဆီသင်္ဘောတွေ အဆက်မပြတ် ရောက်ရှိနေကြောင်း မကြာခဏ ထုတ်ပြန်ပြောဆိုထားပါတယ်။
 
စက်သုံးဆီနဲ့ ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စျေးနှုန်း အဆမတန် အမြတ်ယူရောင်းချခဲ့တဲ့ ကုမ္ပဏီရှစ်ခုကို အရေးယူခဲ့ကြောင်း နိုဝင်ဘာလ ၂၉ နေ့က ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။