စစ်အာဏာရှင်ကိုတော်လှန်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေရဲ့ ပန်းချီပြပွဲ ကျင်းပ
2024.01.14
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံး ခဲ့ရတဲ့ ရဲဘော်တွေဦးစီးပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Border line Art Gallery မှာ ရန်ပုံငွေမတည်ရေး ပန်းချီပြပွဲ ခင်းကျင်းပြသနေပါတယ်။ ဇန်နဝါရီ ၁ဝ ရက်ကနေ ၁၇ ရက်နေ့အထိ ဆီဆေး၊ ရေဆေး၊ ခဲနဲ့ ကြိုးပန်းချီ အနုပညာလက်ရာတွေ ပြသနေတာပါ။
ဒဏ်ရာရရဲဘော်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Sunshine Care Center (SCC) မှာ ခိုလှုံနေထိုင်တဲ့ ရဲဘော်နှစ်ဦးနဲ့ ပြန်လည်နာလန်ထူသန်စွမ်းရေးအတွက် ရဲဘော်တွေကို အကူအညီပေးနေတဲ့ ရဲဘော်တစ်ဦးတို့ရဲ့ ပန်းချီ ၃၁ ကားကို ပြသတဲ့ပွဲလည်း ဖြစ်ပါတယ်။
SCC စင်တာက ရဲဘော် စောစေးဝါး၊ ရဲဘော် ကိုသက် နဲ့ ရဲဘော် ကျော်သူရတို့ လက်ရာတွေလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်မှာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ မျက်စိတစ်ဖက် အာရုံချွတ်ယွင်းပြီး ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့ရာက အခုနာလန်ပြန်ထူလာတဲ့ ရဲဘော် စောစေးဝါးက သူ့ ကိုယ်တွေ့ ခံစားချက်တွေကို ရေးဆွဲတဲ့လက်ရာတွေလည်း ပြသထားပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးမှာ ဆန္ဒပြရင်းနဲ့ ထိခိုက်မိသွားတဲ့ ကျွန်တော့်သူငယ်ချင်းပုံပါမယ်၊ ဒီရဲဘော်တွေရဲ့ ပြန်လည်ကြိုးစားနေတဲ့ ပုံတွေပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီနေတဲ့ပုံပါမယ်။ အခက်အခဲက ဘာလဲဆိုတော့ ကျွန်တော်တို့ ပထမဦးဆုံး ဒီကင်းဗတ်(canvas) ပေါ်မှာ ပန်းချီစဆွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာဆွဲရမလဲဆိုတာကို ကျွန်တော် စဉ်းစားရတယ်ပေါ့၊ နောက်တစ်ခုက ဒီ ကင်းဘတ် ပေါ်မှာ ဆီဆေးနဲ့ဆွဲချင်လား။ ရေဆေးနဲ့ ဆွဲချင်လား ကျွန်တော် မသိဘူး။ ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်း ရေးကြည့်တယ်ပေါ့နော်။ ကျွန်တော်စိတ်ထဲရှိသလိုပဲ ကျွန်တော့်စိတ်ကူးထဲက ပုံနဲ့ ထပ်တူကျအောင် လိုက်ရေးဖြစ်တယ်”
ပြပွဲမှာ ပန်းချီကားတွေသာမက အဝတ်အထည်တွေလည်း ရောင်းချပြီး ရရှိတဲ့ ရန်ပုံငွေတွေကို SCC အတွက် လူနာတင်ကားဝယ်ရေးနဲ့ ရှေ့တန်းရောက်ရဲဘော်တွေကို ထောက်ပံ့ရေးအတွက် သုံးမယ်လို့ ရဲဘော်စောစေးဝါးက ပြောပါတယ်။