မြန်မာ့အရေး လျစ်လျူမရှုဖို့ G-20 အဖွဲ့ဝင်နိုင်ငံတွေကို NUG တောင်းဆို
2023.09.06

မြန်မာနိုင်ငံအကျပ်အတည်းကို လျစ်လျူမရှုဘဲ အပြီးသတ်ဖြေရှင်းပေးဖို့ G-20 အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ကြာကျင်းပမယ့် G-20 စက်မှုထိပ်သီးနိုင်ငံတွေ အစည်းအဝေးမှာ မြန်မာပြည်အရေး ဖြေရှင်းနိုင်ဖို့အတွက် အချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ NUG က တိုက်တွန်းထားပါတယ်။
အဲဒီအချက်တွေထဲမှာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ချက်ချင်းရပ်တန့်အောင် မြန်မာစစ်တပ်ကို တောင်းဆိုဖို့၊ စစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေတာတွေ အဆုံးသတ်ဖို့၊ စစ်ကောင်စီတပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ပါဝင်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်တွင်း နယ်စပ်ဖြတ်ကျော် အုပ်ချုပ်မှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ဖို့အပြင် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြေရှင်းဖို့အတွက် NUG နဲ့ မဟာမိတ်အဖွဲ့တွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေး အကူအညီတွေပေးဖို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက UNOCHA ထုတ်ပြန်ချက်အရ နိုင်ငံ ၄၆ နိုင်ငံက လူပေါင်း တစ်သိန်းနှစ်သောင်း ကျော်ဟာ မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေမှာ အဓမ္မစေခိုင်းခံနေရပြီး ဖိနှိပ်ညှဉ်းပန်းခံနေရပါတယ်။
ဒီလိုရာဇဝတ်လုပ်ငန်းတွေကို မြန်မာစစ်တပ်က အထောက်အကူပေးနေပြီး ကမ္ဘာ့လူထုကို ပစ်မှတ်ထားနေတဲ့ ဒီရာဇဝတ်မှုရိုက်ခတ်တဲ့ဒဏ်ကို G 20 အဖွဲ့ဝင်နိုင်ငံတွေက အများဆုံးခံနေရတယ်လို့ NUG က ထောက်ပြထားပါတယ်။ မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကြောင့် ကမ္ဘာ့နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဒီအကျပ်အတည်းကို G 20 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။