ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ တစ်မိသားစုတည်းက တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
2023.08.28

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တစ်မိသားစုတည်းက တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်စထိမှန်လို့ စိုင်ဒူးရွာခံ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကံထွန်းမြင့် သေဆုံးခဲ့တာပါ။ ကိုကံထွန်းမြင့်ရဲ့ ဇနီး အသက် ၃၀ အရွယ် မဇင်ဇာဝေနဲ့၊ မဇင်ဇာဝေရဲ့ ဖခင် အသက် ၆၅ နှစ်အရွယ် ဦးဝင်းမြိုင်တို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ စိုင်ဒူးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စိုင်ဒူးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်ဗျ။ ရွာကို လက်နက်ကြီးနဲ့ သုံးချက် ပစ်တယ်။ ပထမ တစ်ချက်က နေအိမ်တစ်အိမ်ကို မှန်ပြီးတော့ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားတယ်ဗျ"
ဩဂုတ်လ ၂၇ ရက် မနေ့က တစ်ရက်တည်းမှာပဲ ဂန့်ဂေါမြို့ကနေ အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က အင်အား ရှစ်ဆယ်လောက်နဲ့ အဲဒီရွာတွေ အနီးအနားကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတဲ့အတွက် လတ်တလော မဖြေကြားနိုင်သေးကြောင်း အကြောင်းပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့ထိ ရှစ်လနီးပါးအတွင်း မကွေးတိုင်းက အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၇ ဦး စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လ ၁၇ ရက်နေ့အထိ ရှစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် နိုင်ငံတစ်ဝန်းမှာ ပြည်သူနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ၁၇၂ ဦးသေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။