ဂန့်ဂေါမှာ တစ်ပတ်အတွင်း နေအိမ် ၅၀ နီးပါးမီးရှို့ခံရပြီး ဒေသခံနှစ်ဦး ဖမ်းဆီးခံရ

2022.09.14
ဂန့်ဂေါမှာ တစ်ပတ်အတွင်း နေအိမ် ၅၀ နီးပါးမီးရှို့ခံရပြီး ဒေသခံနှစ်ဦး ဖမ်းဆီးခံရ ဂန့်ဂေါမြို့နယ်ထဲက မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: သတင်း နှင့် ပြန်ကြားရေးအဖွဲ့ တပ်မဟာ (၇) အနောက်ပိုင်းတိုင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ရွာလေးရွာကို စက်တင်ဘာလ ၈ ရက်နေ့ကနေ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ နီးပါးနဲ့ မော်တော်ဆိုင်ကယ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ဦး ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) နဲ့ ကလေးမြို့အခြေစိုက် ခလရ (၅၅) စစ်ကြောင်း နှစ်ကြောင်းက စစ်ကောင်စီ တပ်သား အင်အားနှစ်ရာကျော်လောက် မြင်းဇာ၊ လာပို့၊ ရွာစည်၊ စိုင်ဒူး စတဲ့ရွာတွေကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့မြောက်ဘက် ရှစ်မိုင်အကွာက အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ မြင်းဇာရွာကို စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသားတွေကိုပါ ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မြင်းဇာမှာ အိမ်လောင်သွားတာ နေအိမ် ၂၉ လုံးရှိတယ်။ နွားစာတိုက်တွေရော စပါးကျီတွေရော ပါတာပေါ့ဗျာ။ သူတို့က လေးနာရီခွဲလောက်မှာ စဝင်တာ။ အဲမှာ နှစ်ညအိပ်သွားတယ်။ ဆိုင်ကယ်ကတော့ ခုနှစ်စီး မီးရှို့သွားတယ်ဗျ၊။ ရွာသားတွေကို ခြောက်ယောက် ဖမ်းသွားတယ်။ အဲထဲက ငါးယောက်ကို ပြန်လွှတ်တယ်။ တစ်ယောက်က စစ်တပ်ထဲမှာ ရှိတယ်လို့ ပြောတယ်ဗျ "

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီခန့်မှာလည်း အိမ်ခြေ ၈၅၀ ခန့်ရှိတဲ့ လပို့ရွာကို ဆက်လက်ဝင်ရောက်ပြီး နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ်အစီးရေ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လပို့ရွာကနေ ဖမ်းခေါ်သွားတဲ့ ရွာသားလေးဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီကနေတဆင့် ဂန့်ဂေါမြို့နဲ့ သုံးမိုင်ခန့်ဝေးတဲ့ ရွာစည်ရွာကို စက်တင်ဘာလ ၁၁ ရက်နေ့ နေလယ် ၂ နာရီခွဲ ဝန်းကျင်မှာ ထပ်မံဝင်ရောက်ပြီး နေအိမ်သုံးလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

ရွာသားတွေ ပုန်းရှောင်နေတဲ့ ရွာစည်ရွာထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီး ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းယူစစ်ဆေးတာတွေအပြင် PDF တွေအကြောင်း စုံစမ်းမေးမြန်းတာတွေပါ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဂန့်ဂေါမြို့အနီးက အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ စိုင်ဒူးရွာကို သေနတ်တွေပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ၁၃ ရက်နေ့မှာ ပြန်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စိုင်ဒူးမှာ မီးတော့မရှို့ဘူး။ ပစ္စည်းတွေ ယူတယ်။ နှမ်းတို့၊ ဆန်တို့ အိမ်က အသုံး အဆောင် ပစ္စည်းတွေ ခလရ (၅၀) စစ်တပ်ထဲကို ကားတွေနဲ့ သယ်ယူသွားတယ်။ စိုင်ဒူးရွာ စစ်ဘေးရှောင်တွေဆီက ရွှေငါးကျပ်သားနဲ့ ပိုက်ဆံ ခုနှစ်သိန်းလည်း ယူသွားတယ်ဗျ။ အဲက တောကျောင်းတစ်ခုမှာ လူငယ်အယောက် ၂၁ ယောက်ကို ဖမ်းတယ်။ အယောက် ၂၀ ကို ပြန်လွတ်ပေးပြီး တစ်ယောက်ကိုတော့ စစ်တပ်ထဲ ဖမ်းခေါ်သွားတယ်ဗျ"

အဖမ်းခံရတဲ့ မြင်းဇာရွာသားတစ်ဦးနဲ့ စိုင်ဒူးရွာသားတစ်ဦးကိုတော့ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ထဲကို ဖမ်းခေါ်သွားပြီး ဘာကြောင့်ဖမ်းတာလဲဆိုတာနဲ့ နောက်ဆက်တွဲ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အအပြင် လက်ရှိမှာလည်း ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ထဲကနေ မြို့ရဲ့ ငါးမိုင်ပတ်လည် ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး သလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုးမလုပ်ဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ ငြင်းဆိုထားပါတယ်။

ဒေသခံတွေကတော့ အဲဒီရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာ မရှိခဲ့ဘဲ ရွာတွေမှာ PDF တွေ ခိုအောင်းနေတယ် ထောက်ပံ့ နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို လုပ်သွားတာတာလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။