အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းပြီး အလုပ်သမား ၂၀၀၀ ကျော် အလုပ်ပြုတ်

RFA Burmese
2023.03.01
အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းပြီး အလုပ်သမား ၂၀၀၀ ကျော် အလုပ်ပြုတ် စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်နားခံရသည့် GTIG အထည်ချုပ်စက်ရုံက အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
STUM

ရန်ကုန် ရွှေပြည်သာစက်မှုဇုန်ရှိ Primark အမှတ်တံဆိပ် အဝတ်အထည် ချုပ်လုပ်တဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က အပြီးပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမား နှစ်ထောင်ကျော် အလုပ်ကနေ စွန့်ခွာသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အလုပ်သမားသွေးစည်းညီညွတ် ရေးသမဂ္ဂ (STUM) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Guo Tai Garment Industrial Park အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံ နှစ်ရုံကို မနေ့က အပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အခု မတ်လထဲမှာ လက်ကျန်အော်ဒါတွေကိုသာ ဆက်လက်ချုပ်လုပ်မှာလို့ STUM ရဲ့ ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေး က ပြောပါတယ်။

ဒီကိစ္စကြောင့် အလုပ်သမား နှစ်ထောင်ကျော်ခန့် အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်လို့ ဒေါ်မျိုးမျိုးအေးက RFA ကို ဒီနေ့ ပြောပါတယ်။

“မထွက်ခင်မှာ သူ ကျန်ရှိနေတဲ့ အော်ဒါတွေကို အပြီးသတ် ချုပ်တာပေါ့နော်။ သူ့ရဲ့ အော်ဒါ နောက်ဆုံးရက်က ၂၀၂၃ ခုနှစ် မတ်လကုန်ပဲ။ အလုပ်လက်မဲ့ဖြစ်မယ့် အလုပ်သမားက နှစ်ရုံပေါင်းရင် နှစ်ထောင် ကျော်လောက် ရှိလိမ့်မယ်။ ဒီဘက် GTIG ရုံးက ၁၂၀၀ ရှိတယ်။ ဟိုဘက် GY Sen ရဲ့ ရုံးခွဲကကျတော့ နဂိုတုန်းကတော့ ၁၀၀၀ ကျော် ရှိတယ်”

အဲဒီစက်ရုံ နှစ်ရုံက အလုပ်သမားတွေကို နစ်နာကြေးပေးခဲ့ပေမယ့် စက်ရုံပိတ်သိမ်းမယ်ဆိုတာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကိုရော အလုပ်သမားတွေကိုပါ ကြိုတင် အကြောင်းမကြားခဲ့ဘူးလို့ သူက ဆိုပါတယ်။

အလိုအချိန်မှာ နောက်ထပ် အလုပ်သစ် ပြန်ရဖို့လည်း မလွယ်တာကြောင့် အလုပ်သမား နှစ်ထောင်ကျော် အလုပ်ပြုတ်သွားတဲ့ကိစ္စဟာ ရန်ကုန် စက်မှုဇုန်လောကနဲ့ အလုပ်သမားအသိုက်အဝန်းအတွက် ကြီးမားတဲ့ အကျပ်အတည်း ဖြစ်တယ်လို့လည်း ဒေါ်မျိုးမျိုးအေး က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေဘက်က ရပ်တည်ကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂ ၁၆ ဖွဲ့ကို တရားမဝင် အသင်းအဖွဲ့တွေအဖြစ် ကြေညာထားပါသေးတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့  ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံကို အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့ အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကြီးမားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ရွှေပြည်သာနဲ့ လှိုင်သာယာအပါအဝင် ရန်ကုန် ဆင်ခြေဖုံး ရှစ်မြို့နယ်က လူဦးရေ လေးပုံတစ်ပုံဟာ ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး လုပ်ခဝင်ငွေမရှိဘဲ ခက်ခက်ခဲခဲ ရပ်တည်ရုန်းကန်ခဲ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ် (UNDP) ရန်ကုန်ရုံးခွဲက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာကို မြို့နယ်ရှစ်မြို့နယ်က လူပေါင်း ၃၀၀၀ ကျော်ကို မေးမြန်းပြီး ထုတ်ပြန်ထားတာလို့ UNDP က ဖော်ပြပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။