ဟားခါး မြေအနေအထား ပညာရှင်အဖွဲ့ လေ့လာမည်


2015.08.17
hakha-landslide-620.jpg ချင်းပြည်နယ် ဟားခါးမြို့မှာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့က ရုန်းတောင်ပြိုကျခဲ့တာကြာင့် တော်လှန်ရေးရေကန်ပေါ်မှာ မြေကြီးတွေ ဖုံးလွှမ်းသွားစဉ်
Photo: Kyaw Htoon Naing/ RFA

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနဲ့ သတ္တုတွင်းဝန်ကြီးဌာနက ပညာရှင်တွေ စုပေါင်းပြီး ချင်းပြည်နယ် ဟားခါးမြို့ရဲ့ မြေနေရာအနေအထားကို မနက်ဖြန်ကစပြီး ၅ ရက် ကြာလေ့လာသွားမယ်လို့ သိရပါတယ်။

တွေ့ရှိလာတဲ့အချက်အလက်တွေကို အခြေခံပြီး လူတွေနေထိုင်ဖို့ မသင့်တဲ့နေရာတွေကို မြေပုံထုတ်ပြီး ကြေညာ သွားမယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ဒေါက်တာကျော်ထွန်းက ပြောပါတယ်။

"သူတို့က ကြိုတင်ရောက်နေပြီးတော့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ လိုက်ပြီးအချက် အလက်တွေကောက် ပြီး မြေပြို ရခြင်းအကြောင်းအရာတွေ ပေါင်းစပ်ပြီးတော့မှ အခုဖြစ်ပျက်ခဲ့တာတွေကို မြေပုံထုတ်မယ်၊ မြေပုံ ထုတ်ပြီးတော့မှ ဘယ်နေရာတွေက အန္တရာယ်အနည်းဆုံးဖြစ်မယ်၊ ဘယ်နေရာတွေက အန္တရာယ် အများဆုံးဖြစ်မယ်၊ တချို့နေရာတွေပြောင်းသင့်၊ မပြောင်းသင့်ပေါ်မူတည်ပြီး ကျနော်တို့ဆုံးဖြတ်ရမှာပါ"

ဟားခါးမြိုမှာ မြေပြိုရတဲ့အကြောင်းအရင်းတွေ၊ မြေပြင်အနေအထားတွေ၊ မြေပြိုမှုတွေ ထပ်မဖြစ်အောင် လုပ်ဆောင်ရ မယ့် နည်းလမ်းတွေကို လေ့လာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဟားခါးမြို့ကို သတ္တုတွင်းဝန်ကြီးဌာနက ဘူမိဗေဒပညာရှင်တွေ ရောက်ရှိနေ ပါတယ်။

ဟားခါးမြို့မှာရှိတဲ့ ရပ်ကွက် ၆ ခုထဲက မြို့ဟောင်း၊ ပြည်တော်သာ၊ ဈေးဟောင်းနဲ့ ကျောပုတ်ဆိုတဲ့ ရပ်ကွက်တွေ ဟာ မြေပြိုတာတွေ၊ မြေအက်ကြောင်းကွဲနေတာတွေကြောင့် လူနေထိုင်ဖို့ မသင့်တော့တဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေမှာ နေကြရပါတယ်။

ဟားခါးမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ မြေပြိုတာတွေဖြစ်တဲ့အတွက် အိမ်ခြေ ၅၀၀ ကျော် ပြိုကျပျက်စီး သွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။ မော်တော်ကားလမ်းတွေပျက်စီးပြီး၊ လမ်းပန်းဆက် သွယ်ရေးတွေ ပြတ်တောက်သွားတာကြောင့် စားသောက်ကုန်တွေနဲ့ လောင်စာဆီဈေးတွေလည်း မြင့်တက်နေ ပါတယ်။

ဟားခါးမြို့ကို ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ ကိုထက်အာကာတို့ ပေးပို့ခဲ့တဲ့ သတင်း အချက်အလက်တွေကို မဇာဏီထွဏ်း က စုစည်းတင်ပြမှာပါ။

ရေဘေးဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တနင်္ဂနွေနေ့ အထိ ၁၁၇ ဦး ရှိကြောင်း အစိုးရက ပြောပါတယ်။

ရေဘေးသင့်ဒေသတွေရဲ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။