ဟားခါးမြို့ခံတွေ ပြောင်းရွှေ့နေ ထိုင်ရေး ဘူမိပညာ ရှင်တွေ လေ့လာစစ်ဆေး
2015.08.12
ချင်းပြည်နယ် ဟားခါးမြို့က ရပ်ကွက် ၄ခုလောက်မှာ မြေတွေအက်ကွဲနေတာကြောင့် အဲဒီရပ်ကွက်တွေကို ပြောင်းရွှေ့နိုင်ဖို့အတွက် သတ္တုတွင်းဝန်ကြီးဌာနက ဘူမိဗေဒ ပညာရှင်တွေဟာ ဒီနေ့ ဟားခါးမြို့ မှာ မြေနေရာအနေအထားကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရေရှည်နေထိုင်လို့ရမယ့် မြေနေရာကို စစ်ဆေးနေ တာဖြစ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။
"အကုန်လုံးတော့မဟုတ်ဘူး၊ ဘူမိဗေဒကကြည့်ပြီးတော့ တချို့မနေသင့်ဘူးဆိုရင်တော့ ပြောင်းရမှာပေါ့လေ၊ ရပ်ကွက်အားလုံးမဟုတ်ဘူးပေါ့၊ အခုတော့ စစ်ဆေးကြတုန်း၊ အဖြေထွက်မလာသေးဘူး၊ ဘယ်အပိုင်းတွေကမနေ သင့်ဘူး၊ ဘယ်အပိုင်းတွေက အန္တရာယ်ရှိတယ်ဆိုတာထွက်လာမှာပါ"
ဟားခါးမြို့မှာ ရပ်ကွက် ၆ ခုရှိတဲ့အထဲက မြို့ဟောင်း၊ ပြည်တော်သာ၊ ဈေးဟောင်းနဲ့ ကျောပုတ် ဆိုတဲ့ ရပ်ကွက်တွေဟာ လူနေထိုင်ဖို့ မသင့်တာကြောင့် ဒေသ ခံတွေဟာ ကယ်ဆယ်ရေး စခန်းတွေမှာ နေကြရပါတယ်။ ဒါကြောင့် သတ္တုတွင်း ဝန်ကြီးဌာနက ဘူမိဗေဒပညာရှင်တွေဟာ ဟားခါးမြို့မှာ မြေတိုင်းတာစစ်ဆေး မှုတွေကို သီတင်း နှစ်ပတ်လောက် အချိန်ယူတိုင်းတာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ချင်းပြည်နယ်မှာ မိုးကြီးခဲ့တာကြောင့် ဟားခါးနဲ့ တီးတိန် မြို့နယ်တွေမှာ မြေပြိုကျခဲ့တဲ့ အတွက် အိမ်ခြေ ၇၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်စိုးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။