မြန်မာ တရုတ် ဆက်ဆံရေး ဆွေးနွေးပွဲ အမေရိကန် ထိပ်သီး တက္ကသိုလ် တစ်ခုမှာ ကျင်းပ

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် Georgetown တက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အမေရိကန် အစိုးရ အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နဲ့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးဌာနက မူဝါဒရေးရာ အရာရှိတွေ အပါအဝင် နိုင်ငံတကာ တက္ကသိုလ်နဲ့ အဖွဲ့အစည်း အသီးသီးက ကျွမ်းကျင် ပညာရှင် အယောက် ၂၀ကျော်က ဟောပြောခဲ့ပါတယ်။

2011.11.04
georgetown-university-305 အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ရှိ Georgetown တက္ကသိုလ်ဝင်း အဝင်ဝမှ မြင်ရပုံ ဖြစ်ပါသည်။
Georgetown University website

အာရှတိုက်ရဲ့အင်အားကြီး နှစ်နိုင်ငံ တရုတ်နဲ့ အိန္ဒိယ အကြားမှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာကျပြီး သဘာ၀ သယံဇာတ ကြွယ်ဝမှုကြောင့် အကျိုးစီးပွား ဖြစ်ထွန်းမှု၊ မြန်မာ့တိုင်းရင်းသား ပြဿနာ၊ မြန်မာနဲ့ တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ အာဆီယံ စတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး စတဲ့ ကိစ္စရပ်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက် မြန်မာနဲ့ အာဆီယံ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ တိုးတက်လာတဲ့ လက္ခဏာတချို့ မြင်တွေ့ရပေမဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာတော့ ထူးခြားတဲ့ တိုးတက်မှုမျိုး မတွေ့ရသေးဘူးလို့ ဒီဆွေးနွေးပွဲမှာ ဟောပြောခဲ့တဲ့ စင်ကာပူ အခြေစိုက် အရှေ့တောင် အာရှနိုင်ငံများ ဆိုင်ရာ လေ့လာရေး သိပ္ပံက အကြီးတန်းသုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ တရုတ်မြန်မာ ဆက်ဆံရေး အပြင် တခြား ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ ပြောင်းလဲလာတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးခဲ့ကြတဲ့ အတွက် အင်မတန် အကျိုးများတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရဝန်ကြီး ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို မနက် ၈ နာရီကနေ ညနေ ၅ နာရီခွဲအထိ ကျင်းပခဲ့ပြီး ပရိသက် ၈၀ လောက် တက်ရောက်ခဲ့ ပါတယ်။

စင်ကာပူ အခြေစိုက် အရှေ့တောင် အာရှနိုင်ငံများ ဆိုင်ရာ လေ့လာရေး သိပ္ပံက အကြီးတန်း သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းကို မြန်မာ့နိုင်ငံရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။