ဂျာမဏီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမည်
2014.02.09
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်) Joachim Gauck နဲ့အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။
ဂျာမဏီသမ္မတနဲ့အတူ အစိုးရဝန်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ ကျော် လိုက်ပါလာခဲ့ကြပါတယ်။
ဂျာမဏီသမ္မတဟာ ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ရွှေတိဂုံစေတီတော်ကို သွားရောက်ကြည်ညိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာကျင်းပမယ့် ဂျာမဏီ - မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ကြမှာဖြစ်ပါတယ်။
ဒါ့ပြင် ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်)ဟာ ရန်ကုန်မြို့မှာ ဂျာမဏီကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း GCCI ရဲ့ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအများစုကို ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်အတွင်း ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဂျာမဏီ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း (GCCI) နဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း UMFCCI တို့ ရန်ကုန်မှာ GCCI ကိုယ်စားလှယ်ရုံးခွဲဖွင့်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
GCCI ကိုယ်စားလှယ် ရုံးခွဲအနေနဲ့ မြန်မာနိုင်ငံ အလတ်စားနဲ့ အသေးစားလုပ်ငန်းများဆိုင်ရာ ဥပဒေကို အပြီးသတ်အတည်ပြုနိုင်ရေး ကူညီဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။
ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်ရဲ့ အခုခရီးစဉ်ဟာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဂျာမဏီသမ္မတနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။