ကိုဇာဂနာကို ဂျာမနီ အနုပညာမြို့မှ သွေးစည်းညီညွတ်ရေးဆု ချီးမြှင့်

မြစ်ကြီးနားထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ဟာသပညာရှင် ကိုဇာဂနာကို ဂျာမနီနိုင်ငံ Bremen ဂီတအနုပညာ မြို့တော်ကနေ Bremen Solidarity Award - Bremen သွေးစည်း ညီညွတ်ရေးဆု ဒီနေ့ ချီးမြှင့်ပါမယ်။

2011.02.15
zarganar_head_305_z.jpg ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
(Photo: AFP)

လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားသူတွေ၊ ကိုလိုနီစနစ်နဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင် လှုပ်ရှားသူတွေကို Bremen သွးစည်း ညီညွတ်ရေးဆု ချီးမြှင့်တာ ဖြစ်ပြီး ဒီနှစ်မှာ ၁၂ ကြိမ်မြောက် ချီးမြှင့်တာပါ၊

ကိုဇာဂနာ့ကို ဆုချီးမြှင့်ရတဲ့အကြောင်းတွေကို ကိုဇာဂနာနဲ့ လူရွှင်တော်အဖြစ် တွဲဖက် ဖျော်ဖြေဖူးတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံရေး အကျဉ်းသမားဟောင်း ပန်းချီဆရာ ထိန်လင်းက ပြောပြပါတယ်။

“ကိုဇာဂနာကို ချီးမြှင့်တယ် ဆိုတာကတော့ လူပုဂ္ဂိုလ်အရ ရွေးချယ်တာပေါ့လေ။ ထင်ရှားတဲ့ အနုပညာသည် ဖြစ်တယ်။ အနုပညာရပ် မျိုးစုံမှာ တခု ပိတ်ထားရင် နောက်တခုနဲ့ သူ့ရဲ့ အနုပညာ လုပ်ပိုင်ခွင့်ကို အမြဲတမ်း သူ့ဘဝတလျှောက်လုံး တိုက်ပွဲဝင်ခဲ့တယ်။ အဲဒါတင် မကပဲနဲ့ လူမှုရေး လုပ်ငန်းတွေပေါ့၊ အဲဒီကိစ္စတွေမှာလည်း သူက စွမ်းစွမ်းတမံနဲ့ ပြည်သူလူထု အတိဒုက္ခရောက်တဲ့ အချိန်မျိုးမှာ ရှေ့ဆုံးကနေ ထွက်လာပြီးတော့ ဆောင်ရွက်ရင်းကနေ သူဟာ ဘာမှ အပြစ်မရှိပဲနဲ့ ခုလိုမျိုး ထောင်ထဲမှာ နှစ်ရှည်ကြီး နေရတာပေါ့လေ။ အဲဒီအချက်ကြောင့်လည်း ပါလိမ့်မယ်ထင်တယ်။”

လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကာလ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ကန့်သတ်ခံရတဲ့ အချိန်တွေမှာ လူထုဖက်က မားမားရပ်ပြီး ထုတ်ဖော်ပြောကြားသူ၊ နိုင်ငံရေးအကြမ်းဖက်မှုနဲ့ တရားမျှတမှု မရှိတဲ့ ဖြစ်ရပ်တွေကို အများပြည်သူ အာရုံစိုက်လာအောင် အနုပညာနဲ့ ဖော်ကျူးသူကို ဆုချီးမြှင့်တာလို့ Bremen မြို့တော်ဝန်က ဆုလက်ခံဖို့ ကိုဇာဂနာ့ မိသားစုဆီ ပေးပို့တဲ့ ဖိတ်ကြားလွှာမှာ ရေးထားပါတယ်။

 ကိုဇာဂနာကို ချီးမြှင့်တယ်ဆိုပေမဲ့ အမှန်တရားဖက်က ရပ်တည်လို့ အကျဉ်းကျနေသူတွေ အားလုံးကို ကိုယ်စားပြု ချီးမြှင့်တာလို့ ပန်းချီဆရာ ထိန်လင်းက ရှုမြင်ပါတယ်။

“မြန်မာနိုင်ငံအတွင်းထဲမှာ အမှန်တရားအတွက်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေအတွက် ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အဲဒီ ပုဂ္ဂိုလ်တွေအတွက်ပါ ရည်ညွှန်းပြီးတော့ ဒီဆုကို ပေးလိုက်တဲ့ သဘောပါ။ ဒီဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၃ ခုနှစ်တုန်းက ပေးဖူးပါတယ်။ အဲဒီတုန်းကလည်း ဒီသဘောတရားပါ။”

ဒီဆု စတင်ချီးမြှင့်တဲ့နှစ်မှာ တောင်အာဖရိက လူမည်းခေါင်းဆောင် Nelson Mendela နဲ့ အဲဒီတုန်းက သူ့ဇနီး Winnie Mendela တို့ ပထမဆုံး ဒီဆု ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။