ဘဏ်လုပ်ငန်းများ လေ့လာရန် လွှတ်တော် အဖွဲ့ ဂျာမနီသို့ထွက်


2015.04.19

ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်သောင်းနဲ့ ကော်မတီ ဝင် ခြောက်ဦးဟာ ဂျာမနီ်နိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခြေအနေတွေနဲ့ လွှတ်တော်တွေကို လေ့လာဖို့အတွက် ဒီနေ့ညနေ ပိုင်းမှာ ရန်ကုန်မြို့ က ထွက်ခွာသွားပါတယ်။

ဂျာမန်ီနိုင်ငံရဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှု အခြေအနေတွေကို သွားရောက်လေ့လာဖို့  သွားရောက်တာ ဖြစ်တယ်လို့ ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောပါတယ်။

"ဂျာမနီမှာတော့ ဗဟိုဘဏ်ရယ်၊ ဖွံ့ဖြိုးရေးဘဏ်ရယ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်ရယ်၊ သမဝါယမဘဏ် ရယ်၊ သူတို့လုပ်ဆောင်ချက်တွေကို ကျနော်တို့ကလေ့လာဖို့နဲ့ တိုင်းပြည်နဲ့ လျော်ညီတဲ့ဘဏ်လုပ်ငန်းတွေကို အသုံးချဖို့ လေ့လာရေးခရီးစဉ်ပါပဲဗျ၊ အဲ့ဒါပြီးရင်ဘာလင်ကိုလည်း သွားဦးမယ်ဗျ၊ အာရှဆိုင်ရာပါလီမန်အဖွဲ့နဲ့ ကျနော်တို့ကော်မတီ နဲ့တွေ့ဖို့ရှိတယ်ဗျ၊ ပါလီမန်လုပ်ငန်းလည်းလေ့လာဦးမယ်"

ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက တရုတ်နိုင်ငံက စတော့ အိတ်ချိန်းဈေးကွက်ကို သွားရောက်လေ့လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတဲ့ ကော်မတီဥက္ကဌ ဦးအောင်သောင်းအဖို့  ဒီဥရောပ ခရီးစဉ်ဟာ ပထမဆုံးအကြိမ် ဥရောပခရီး ဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာပါတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။