မန္တလေး ချောင်ချောင်ရွှေဆိုင် နေအိမ်က ရွှေ ဆယ်ပိဿာကျော် ဓားပြတိုက်ခံရ

RFA Burmese
2024.09.10
မန္တလေး ချောင်ချောင်ရွှေဆိုင် နေအိမ်က ရွှေ ဆယ်ပိဿာကျော် ဓားပြတိုက်ခံရ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနဲ့ ၂၆ လမ်းတစ်နေရာကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းအနီးမှာရှိတဲ့ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို စက်တင်ဘာ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ ရွှေဆိုင်တာဝန်ရှိသူနဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူခုနစ်ဦးခန့်က ဝင်ရောက်ဓားပြတိုက်သွားတာလို့ ချောင်ချောင် ရွှေဆိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပါတယ်။

“ဓားပြတိုက်ခံရတာ ဟုတ်ပါတယ်ဗျ။ ၇ နာရီ ၄၀ ဝန်းကျင်လောက်မှာ ဖြစ်သွားတာပါ။ ပါသွားတဲ့ ပစ္စည်းတွေက မီဒီယာတွေမှာ တင်ထားတဲ့အတိုင်းပါ”

ပြည်တွင်းသတင်းဌာနတွေမှာတော့ အဲဒီဓားပြတိုက်ခံရမှုမှာ ရွှေ ဆယ်ပိဿာကျော်နဲ့ ငွေကျပ် သိန်း တစ်ထောင်ခန့် ပါသွားတယ်လို့ ရေးသားဖော်ပြပါတယ်။

အခု ဓားပြတိုက်ခံရတဲ့နေရာဟာ လူသွားလူလာစည်ကားတဲ့ နေရာမဟုတ်ဘဲ ငွေကြေးချမ်းသာသူတွေ နေထိုင်ကြတဲ့ ရပ်ကွက်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“အဲဒီနားမှာ CCTV မှတ်တမ်းတွေ လိုက်ကြည့်နေတယ်။ နောက်ပြီး အဲဒီဘက်တွေက သီးသန့်ကြီးဖြစ်နေတာကိုး။ အဲဒီဘက်က အိုးအိမ်ရုံးတွေလည်း ရှိတယ်။ အားကစားကွင်းနဲ့လည်း မလှမ်းမကမ်းပေါ့။ အရမ်းကြီးနီးတာတော့ မဟုတ်ဘူးပေါ့။ လူကတော့ ပြတ်တယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း မန္တလေးမြို့ မန်းမြို့ဈေးအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင်ကို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စု ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေ နှစ်ပိဿာကျော် ယူသွားတယ်လို့ မြို့ခံတွေနဲ့ ရွှေဆိုင်ဘက်က ပြောပါတယ်။

မန္တလေးမြို့မှာ ရွှေဆိုင်နဲ့ ဘဏ်တွေ ဓားပြတိုက်ခံနေရတာနဲ့ လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။