လွှတ်တော်ဥပဒေကြမ်းတွေ အစိုးရလိုက်လံရေးဆွဲနေတာ အကျိုးမရှိကြောင်း သူရ ဦးရွှေမန်းပြော


2015.05.13
parliament-chair-person-b305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်အစည်း အဝေး တက်ရောက်နေစဉ်။
RFA

လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန် မှာ ပြည်ထောင်စုအစိုးရက အလားတူ ဥပဒေတွေရေး ဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုး ရ နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးက လွှတ်တော်ထံပေးပို့မယ့် ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းအပြီးမှာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

"လိုအပ်တာက ဘာလည်းဆိုတော့ အစထဲ ကမြန်မြန်လုပ်ပေးဖို့ကိစ္စကို နှောင့်နှေးတဲ့အတွက် လွှတ်တော်ကလုပ်တော့မှဘဲ နောက်ကနေ ကမန်းကတန်း လိုက်ပြီးတင်လာတဲ့ကိစ္စဟာ နှစ်ဖက်လုံးအတွက် အကျိုးမရှိနိုင်ဘူးဆိုတာကို ပြောတာပါ"

လွှတ်တော်ကရေးဆွဲပြီးနောက်မှာ ပြည်ထောင်စုအစိုးရက ထပ်မံရေးဆွဲတင်ပြပြီး တူနေတဲ့ ဥပဒေတွေဟာ လျှပ်စစ်ဥပဒေ၊ လယ်ယာမြေဥပဒေနဲ့ အမျိုးသားပညာရေး ဥပဒေတို့ ဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဥပဒေကြမ်းတွေမှာ အကြောင်းအရာနဲ့ အနှစ်သာရတူတဲ့ ဥပဒေကြမ်းတွေ ဆိုရင် လွှတ်တော်က လက်ခံဆွေးနွေးတဲ့ ဥပဒေကြမ်းပေါ်မှာသာ မူတည်ဆွေးနွေးရမှာဖြစ်တယ်လို့ ဒုတိယရှေ့နေ ချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

"လွှတ်တော်မှာဆွေးနွေးနေတဲ့ကြားက ဝန်ကြီးဌာနများက တစ်ခါထပ်ပြီး ဥပဒေ အသစ်တင်လာတဲ့ကိစ္စ ကတော့ အကြောင်းအရာတူတယ်ဆိုရင်ပဲ လွှတ်တော်က လက်ခံစဉ်းစားတဲ့ ဥပဒေတစ်ခုအပေါ်မှာပဲ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆွေးနွေးရမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်၊ ဥပဒေနှစ်ခုမတင်ရဘူး လို့ ပြဌာန်းချက်မရှိသော်လည်းဘဲ ဒါလွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ အကြောင်းအရာတူ၊ ခေါင်းစဉ်တူ၊ အမည်တူ၊ အနှစ်သာရတူတဲ့ကိစ္စတွေမှာတော့ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေအပေါ်မှာ ထပ်မံပြီးတော့ လိုအပ်တဲ့အချက်များကို ပြင်ဆင်ဖြည့်စွက်ထားခြင်းကတော့ နှစ်ခုဆွေးနွေးရန်မလိုဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

အစိုးရဝန်ကြီးဌာနတွေက ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေပေါင်း ၁၃၇ ခုရှိပြီး စိစစ်ဆဲ ဥပဒေကြမ်း ၂၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။