လက်မှတ်ရှိ သေဆုံးခရီးသည်တွေ အတွက်သာ လျော်ကြေးပေးမယ် လို့ ဒုဝန်ကြီးပြော
2015.05.13

အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြှပ်ရာမှာ သေဆုံး ခဲ့ကြသူတွေထဲက လက်မှတ် ဝယ်ယူစီးနင်းခဲ့တဲ့ ခရီး သည်တွေအတွက်သာတစ်ဦးကို ကျပ်ငါးသိန်း စီ လျော်ကြေး ပေးအပ်သွားမယ်လို့ ပြည်ထောင်စု အဆင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စောဝေက လူ ၈၀ နီးပါး သေဆုံး ခဲ့တဲ့ အောင်တံခွန်သင်္ဘောကို ပြန်လည်ဆယ်ယူဖို့ နဲ့ သေဆုံးခဲ့သူတွေအတွက် လျော်ကြေးပေး ဖို့ မေးမြန်းတာကို ဒုတိယဝန်ကြီး ဦးဟန်စိန်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အောင်တံခွန် ၃ ရေယာဉ်ကို ပြန်လည်ဆယ် ယူမယ်ဆိုပြီးတော့ ဝန်ကြီးဌာနက ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်၊ နောက် ကျနော်တို့ အသက်သေဆုံးမှု၊ ကုန်ပစ္စည်းဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ခရီးသည်လက်မှတ်အပေါ်မှာသာ သူတစ်ပါးထိခိုက်မှု အာမခံထားတဲ့အတွက်ကြောင့် အာမခံကြေး ငွေငါးသိန်းကိုသာ လျော်ကြေးအဖြစ် ရမှာဖြစ်ပါတယ်၊ ကျန်တဲ့လက်မှတ်အပေါ်မှာ အသက်အာမခံတို့၊ ပစ္စည်းဆုံးရှုံးမှုအာမခံတို့ ထားခြင်းမရှိတဲ့ အတွက်ကြောင့် လျော်ကြေးပေးရန်အစီအစဉ်မရှိကြောင်း ဖြေကြားအပ်ပါတယ်"
အောင်တံခွန် အမှတ် ၃ ရေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်မောင်းနှင်လာစဉ် မြေပုံမြို့နယ် နောင်တော်မြစ်အတွင်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် ၂၁၄ ဦး လိုက်ပါခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပေမဲ့ လက်မှတ်မပါဘဲ လိုက်ပါစီးနင်းသူ အတော်များများပါဝင်ပြီး ခရီးသည် အနည်းဆုံး ၃၀၀ နီးပါး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူတွေအတွက် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က ထောက်ပံ့ကြေးပေးအပ် တာတွေရှိသလို အသက်အာမခံကြေးပေး ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
အဲဒီရေယာဉ်နစ်မြုပ်မှုအတွက် ရခိုင်ပြည်နယ် ရေကြောင်းဌာနခွဲ လက်ထောက်ဌာနမှူးချုပ် အပါအဝင် ဝန်ထမ်း ၁၇ ဦး ကို မယူမနေရအငြိမ်းစားပေးတာတွေ၊ အလုပ်ကထုတ်ပယ်တာတွေ၊ လစာဖြတ်တောက်တာတွေစတဲ့ အရေးယူ မှုတွေ ပြုလုပ်ခဲ့ပါတယ်။