ကင်တားနား ပြောကြားချက် မမှန်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း


2013.08.23
uyehtut-305.JPG ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: RFA/ Myo Thant Khaing

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ရဲ့ မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြမှုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။

ဒီနေ့နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မစ္စတာ Quintana ရဲ့ ရှင်းလင်းချက်အပေါ် အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။

ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး၊ သို့သော် တီရှပ်နဲ့ စာတစ်စောင်ပေးဖို့ ကြိုးစားတာတော့ရှိတယ်၊ ကားနားကိုကပ်တယ်၊ မှန်ကိုသွားခေါက်တဲ့အတွက်ကြောင့်မို့ ရဲတွေကလမ်းရှင်းပေးလိုက်တယ်၊ အဲနားလေးမှာ တစ်မိနစ်၊ နှစ်မိနစ်လောက်ပဲလို့ ကျနော်ထင်တယ်၊ တကယ်သာ လူနှစ်ရာလောက်က သူ့ကားကြီးကို ဝိုင်းတွန်းကြဆွဲကြလုပ်တယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့လူတွေက မိုဘိုင်းဖုန်းတွေရှိတာပဲ၊ သတင်းထောက်တွေလည်းရှိနေတာပဲ၊ ချက်ချင်းတက်လာမှာပေါ့”

ပီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ည ၁ဝ နာရီခွဲလောက်က မစ္စတာကင်တားနား မိတ္ထီလာမြို့ကိုရောက်ရှိစဉ် လူအင်အား ၂ဝဝ လောက်က သူ့ကားကို ဝိုင်းဝန်းထုနှက်ကြကြောင်း အဲဒီအတွက် ကြောက်ရွံ့ထိတ်လန့်မိကြောင်း၊ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ခံစားခဲ့ရသူတွေကို သူ့အနေနဲ့ စာနာနားလည်မိကြောင်း မစ္စတာ ကင်တားနားက သြဂုတ်လ ၂၁ ရက်နေ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ဒီနေ့ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ဦးရဲထွဋ်က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။

ကြားတာ သုံးရာကျော်၊ လေးရာလောက်ရှိတယ်ပြောတယ်၊ တချို့ကလည်း တစ်ထောင်နီးပါးလောက်ရှိတယ်ပြောတယ်၊ အဲတာကို တဖြည်းဖြည်းစီလူစုခွဲနေတာပေါ့၊ သူရောက်လာတာ ၁ဝ နာရီခွဲဆို အဲဒီနားမှာ လူတစ်ရာလောက်ကျန်နေသေးတယ်၊ တချို့ကလည်းပြောတယ်၊ ကျနော်တို့ ဘာဖြစ်လို့ချက်ချင်းမခွဲလဲဆိုတာ၊ အဲဒီလူတွေက တုတ်တွေ၊ ဓားတွေနဲ့ လာပြီးတော့မှ ည ၁ဝ နာရီကျော်ခဲ့ပြီဆိုရင် ကျနော်တို့ဖြေရှင်းနည်းက တစ်မျိုးဖြစ်လိမ့်မယ်၊ သူတို့က ည ၁ဝ နာရီမတိုင်ခင်ကတည်းက အေးအေးချမ်းချမ်းဆန္ဒပြဖို့ ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က မေတ္တာရပ်ခံတဲ့နည်းနဲ့ ဖြည်းဖြည်းချင်းဖယ်ရှားနေတာ၊ ဒါကြောင့်မို့ သူရောက်လာတဲ့အချိန်မှာ အဲဒီလူတွေကရှိနေတယ်၊ ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး”

မစ္စတာ ကင်တားနားရဲ့ ပြောဆိုရှင်းလင်းချက်ဟာ တစ်ဦးချင်းသဘောအရသာ ပြောတာဖြစ်ပြီး ကုလသမဂ္ဂက တရားဝင်ပြောဆိုလာမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲကို ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားရဲ့ မိတ္ထီလာမြို့ခရီးစဉ်အတွင်း ကိုယ်တိုင်ပါဝင်သူတစ်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိကဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မစ္စတာ ကင်တားနားရဲ့ မိတ္ထီလာမြို့ခရီးစဉ်အတွင်း ပေါ်ပေါက်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီရဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးင်းထိန်ကို RFA ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။