ဒဂုံစီးတီး အိမ်ရာစီမံကိန်း ရပ်ဆိုင်း ဖို့ ရန်ကုန်တိုင်းအစိုးရ ကတိပြု


2015.06.21
uparmaukkha-620.JPG မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရွှေတိဂုံစေတီတော်ကြီးအနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ ရန်ကုန် တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဘသ ဆရာတော်တွေကို ကတိပေးပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် တို့နဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ရန်ကုန်မြို့ အောင်ဆန်းတပ်ဦး ကျောင်းတိုက်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ကတိပေးခဲ့တာ လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

"ရွှေတိဂုံစေတီတော်ကြီး ပျက်ဆီးမယ့်အရေးဘာမှမလုပ်ပါဘူးလို့ ဒဂုံစီးတီးအိမ်ယာ ၁ ဆောက်လုပ်ခြင်းကို ယခုရပ်ပေးပါမယ်၊ တာဝန်နဲ့လာတာပါ၊ သူတို့ရဲ့ပြောစကားသည် အတည်ပါဘဲလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ထွန်းထွန်းနောင်ကပြောပါတယ်၊ ရန်ကုန်သမ္မတရုံးကနေပြီးတော့ ဒဂုံစီးတီးအိမ်ယာ ၁နဲ့ ပတ်သက် ပြီးတော့ လုံးဝပယ် ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာတောင်းတဲ့အခါမှာ စောင့်ကြည့်ကာလကို ၁၅ ရက်နဲ့ သဘောတူလိုက်ပါတယ်"

အလားတူ အိမ်ရာစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တွေဝေတာ၊ လက်မှတ်ကောက်ခံတာစတဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးတာကို လည်း ရွှေတိဂုံစေတီကာကွယ် စောင့်ရှောက်ရေးအဖွဲ့က သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းကို ၁၅ ရက်အတွင်း နိုင်ငံတော်သမ္မတရုံးက လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့အမိန့် ထုတ်ပြန်ပေး ဖို့ကိုလည်း ပြန်လည်တောင်းဆိုခဲ့တယ်လို့ ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ် တပ်ရှိတဲ့ မြေနေရာ ဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခ ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။