ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်လက် ဆွေးနွေးမယ်လို့ မြန်မာအစိုးရ ပြောကြား
2011.08.12
Photo: RFA
အစိုးရသစ် တက်လာပြီး နေပြည်တော်မှာ ပထမဆုံးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အဲဒီလို ပြောကြားလိုက်တာပါ။
သတင်းစာ ရှင်းလင်းပွဲမှာ KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားတယ်လို့ သတင်းထောက် တဦးက ပြောပါတယ်။
“အဓိကကတော့ KIA နဲ့ ပတ်သက်တာကို ရှင်းတာ။ KIA ကို ဘယ်လို ပံ့ပိုးခဲ့တယ်။ အစကတည်းက နယ်ခြားစောင့်တပ် မဖွဲ့တာတောင်မှ အစိုးရက ဘယ်လို သဘောထား ကြီးခဲ့တယ်ပေါ့။ KIO ကတော့ မလိမ့်တပတ် လုပ်တယ်ပေါ့။ အောက်ခြေနဲ့ အပေါ်ကို သူက အဲဒါကို အဓိက ပြောတာပါ။ မြစ်ဆုံ နဲ့ တာပိန် ကိစ္စတွေကို ဦးကျော်ဆန်းပဲ ရှင်းတာပေါ့”
သတင်းထောက်တွေက အက်ဖ်အီးစီ ပယ်ဖျက်ဖို့ရှိ မရှိ၊ ပင်စင် လစာတွေ တိုးပေးတဲ့ အတွက် ဒီလို တိုးပေးနိုင်အောင် ရသုံး ခန်းမှန်းခြေ ငွေစာရင်း ဘတ်ဂျက် ဘယ်လို လျာထားသလဲ စတာတွေ မေးမြန်းတယ် ဆိုပါတယ်။ ဧရာဝတီ မြစ်ဆုံ ရေကာတာ ကိစ္စကိုလည်း မေးမြန်းသူ ရှိပါတယ်။
“မြစ်ဆုံကြီး ဆက်ဆောက်မှာလား ဆိုတာ မေးတဲ့သူ ရှိတယ်။ အဲဒီတော့ သူက နိုင်ငံတော် အစိုးရကတဲ့ ပြည်သူ ဒုက္ခရောက်မှာကို ဘယ်သူ လုပ်မှာလဲဗျာတဲ့ ခင်ဗျားတို့လည်း ချင့်ချင့်ချိန်ချိန် စဉ်းစားကြပါတဲ့။ ဧရာဝတီမြစ်ကြီးပဲ ပျက်တော့ မလိုတဲ့ ခင်ဗျားတို့ ချင့်ချင့်ချိန်ချိန် ယုံကြပါတဲ့”
ခုလာမယ့် သြဂုတ်လ ၂၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်ကို သတင်းထောက်တွေ သတင်းယူခွင့် ပေးမယ်လို့လည်း ဆိုပါတယ်။
ပထမအကြိမ် ကျင်းပချိန်က သတင်းထောက်တွေကို လွှတ်တော် ကျင်းပတဲ့ အဆောက်အအုံထဲ ဝင်ခွင့် မပေးတဲ့အတွက် အပြင်မှာပဲ နေရပြီး အစည်းအဝေးပြီးလို့ အပြင်ထွက်လာတဲ့ လွှတ်တော် အမတ်တွေကို မေးမြန်း သတင်းရေး ရတာလို့ ရန်ကုန်က သတင်းစာဆရာ တဦးက ပြောပါတယ်။
အမတ်တွေနောက် အပြေးအလွှား လိုက်မေးတဲ့ သတင်းထောက်တွေနောက် ထောက်လှမ်းရေးတွေက လိုက်တယ်လို့လည်း ပြောပါတယ်။ အစိုးရက ထုတ်လွှင့်တဲ့ MRTV တောင် အတွင်း မဝင်ရဘဲ မှန်အပြင်က ရိုက်ရတာလို့ ဆိုပါတယ်။
ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို အစိုးရက ယုံကြည်ရတဲ့ သတင်းဂျာနယ် ခြောက်စောင်က သတင်းထောက်တွေပဲ တက်ရောက်ခွင့် ရတာလို့လည်း သိရပါတယ်။