အတိုင်ပင်ခံရုံး ဒုဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့
2020.09.14

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ ကိုယ်ရေးအရာရှိမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ ရှိထားပြီး ဒုဝန်ကြီးကို ဟိုတယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အတည်ပြု ပြောဆိုပါတယ်။
ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ ကိုယ်ရေးအရာရှိတို့ကို တစ်ရက်ထဲမှာ ဆေးစစ်ခဲ့တာဖြစ်ပြီး ဒုဝန်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ဘူးလို့ ဦးဇော်ဌေးက အိမ်တော်သတင်းထောက်တွေကို ပြောပါတယ်။
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည် ကလည်း ပိုးတွေ့ရှိထားသူရဲ့ ဇနီးနဲ့ သားဖြစ်သူကို မနေ့က နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ထပ်မံစစ်ဆေးရာမှာ ပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းက RFA ကို ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ပိုးတွေ့ရှိသူ ၄၂ ဦး အထိ ရှိနေပြီလို့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်က အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က သမ္မတရုံး လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူမှာ ပိုးတွေ့ရှိတယ် လို့ အတည်ပြုပြောကြားခဲ့ပြီး သမ္မတရုံး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက် ၃၀ ကျော်ကို ကျန်းမာရေး စစ်ဆေးခဲ့ရာမှာ နေပြည်တော် အခြေစိုက် သတင်းထောက်တစ်ဦးမှာလည်း ပိုး တွေ့ရှိခဲ့ပါတယ်။
သမ္မတရုံးလက်ထောက်ညွှန်ကြားရေးမှူးရဲ့ ဇနီးမှာလည်း ရောဂါပိုးတွေ့ရှိကြောင်း ဦးဇော်ဌေးက အတည်ပြု ပါတယ်။
ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၄ ရက်နေ့ ဒီနေ့ မနက် ပိုင်းအထိ တစ်နိုင်ငံလုံးမှာ ရောဂါပိုးပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၁၅ ဦး၊ သေဆုံးသူ ၂၄ ဦးနဲ့ ကျန်းမာရေး ကောင်းမွန်လို့ ဆေးရုံက ဆင်းရသူ ၆၉၉ ဦး ရှိပြီဖြစ်ပါတယ်။