မလေးရှားမှာ ဖမ်းဆီးခံရ တဲ့ မြန်မာများကို ပြန်လည်ခေါ်ယူ မယ်လို့ အစိုးရပြောကြား


2013.09.05
Share on WhatsApp
Share on WhatsApp
malaysia-myanmar-620.JPG မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက်အရ ၂ဝ၁၃ စက်တင်ဘာ ၂ ရက်နေ့က ရဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ်
.

မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားတွေ ကို ပြန်လည်ခေါ်ယူဖို့  အစိုးရက စီစဉ်ဆောင် ရွက်နေကြောင်း   မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံအတွင်းက တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ စီမံချက်အရ မြန်မာနိုင်ငံသား ၅၅၅ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရပြီး သူတို့ကို မလေးရှားနိုင်ငံ မြန်မာသံရုံးကစိစစ်ပြီး မြန်မာနိုင်ငံသား မှန်ကန်တယ်ဆိုရင် မြန်မာနိုင်ငံကိုပြန်ခေါ်ဖို့ ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

မြန်မာအစိုးရက ပြန်လည်ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်လို့ မလေးရှား မြန်မာသံရုံး ကတော့ လောလောဆယ်အထိ တရားဝင်ထုတ်ပြန်ကြေညာအသိပေးတာ မရှိသေးဘူးလို့  ကွာလာလမ်ပူမြို့က ၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုအောင်ကြီးက ပြောပါတယ်။

လက်ရှိတော့ ကျနော်တို့သံရုံးက အဲဒီလိုစာတော့ မထွက်လာသေးဘူးခင်ဗျ၊ အသံတော့ကြားလာတာပဲ သိတယ်၊ တနင်္လာနေ့တော့ အလုပ်သမားဝန်ကြီးရယ်၊ ပြည်ထဲရေးဝန်ကြီးရယ်၊ နိုင်ငံခြားရေးဝန်ကြီးရယ် လာမယ်လို့တော့ ကျနော်တို့ကြားထားတယ်၊ ကျနော်တို့ ဒီဘက်ကလူတွေနဲ့ တွေ့မယ်လို့တော့ ကြားထားတယ်၊ အဲဒီအခါကျတော့မှ ဟုတ်လားမဟုတ်လားဆိုတာသိရမယ်၊ မြန်မာသံအမတ်ကတော့ ဒီ ၂၇ ရက်နေ့မှာ သူ့တာဝန်ပြီးဆုံးပြီး မြန်မာနိုင်ငံပြန်ရတော့မယ်၊ ဘယ်သူကဒီကိစ္စတွေကို တာဝန်ယူဖြေရှင်းမလဲဆိုတာ သတင်းထုတ်ပြန်မထားဘူး”

တနင်္ဂနွေနေ့ကစတင်တဲ့ အဲဒီစီမံချက်ပထမနေ့မှာ တရားမဝင်အလုပ်သမား ၂၄ဝဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး  ဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၇၁၇ ဦး၊ မြန်မာနိုင်ငံသား ၅၅၅ ဦး၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၃၈၇ ဦးနဲ့  အခြားနိုင်ငံသားတွေပါဝင်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ သိန်းကျော်ရှိပြီး၊  ၃သိန်းခန့်ဟာ တရားဝင် အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြောင်း၊ ၄ သောင်းကျော်ဟာ တရားမဝင်အလုပ်သမားတွေဖြစ်ကြပြီး၊ ကျန် ၉ သောင်းကျော်ဟာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီနှစ်မေလနဲ့ ဇွန်လမှာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး လုံခြုံရေး အခြေအနေကြောင့် မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၇၈ဝဝ ကျော်ရှိသွားပြီးလို့လည်း မြန်မာသံရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။