ကျပ် ၄၇ဝ ဘီလီယံကျော် ဘတ်ဂျက်ထဲက ဖြတ်မယ်
2016.08.12
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘတ်ဂျက်ထဲကနေ ငွေကျပ် ၄၇၀ ဘီလီယံကျော်ကို လျှော့ ချဖြတ်တောက်ဖို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာနဲ့ ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာတွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ( ၂ ) ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော် မှာ ထည့်သွင်းပြောဆိုသွားတာပါ။
"၂ဝ၁၆ - ၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ရငွေ သုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့ရဲ့ စိစစ်တင်ပြချက်အရ စုစုပေါင်းငွေကျပ် သန်းပေါင်း လေးသိန်းခုနှစ်သောင်းရှစ်ထောင်လေးရာငါးဆယ့်နှစ်(ဒဿမ)ငါးတစ်ငါးသန်းကို လျော့ချခွင့်ပြု သင့်ပါကြောင်း သဘောထားမှတ်ချက် တင်ပြအပ်ပါတယ်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက ပြည်ထောင်စုလွှတ်တော်၏ လိုငွေသည် မူလ ကျပ် သုံးထောင်ခုနှစ်ရာငါးဆယ့်ခုနှစ်(ဒဿမ)ငါးသုညရှစ် ဘီလီယံကနေပြီးမှ ကျပ် သုံးထောင်နှစ်ရာခုနှစ်ဆယ့်ကိုး(ဒဿမ)သုညငါးခြောက် ဘီလီယံအထိ လျော့ကျသွားပြီး လိုငွေနဲ့ဂျီဒီပီ အချိုးဟာလည်း သုံး(ဒဿမ)ကိုး ရာခိုင်နှုန်းသို့ ပြောင်းသွားမှာဖြစ်ပါတယ်"
ဒါ့အပြင် တချို့ဝန်ကြီးဌာနတွှေအနေနဲ့ ဘဏ္ဍရေးဆိုင်ရာ စည်းကမ်းနဲ့ မကိုက်ညီပဲနဲ့ ငွေစာရင်းတွေဖွင့်ပြီး ရန်ပုံငွေထား သုံးစွဲနေတာတွေရှိတဲ့အတွက် တွေ့ရှိရင် အရေးယူဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်ကို ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ထည့်သွင်းပြောဆိုသွားပါတယ်။
"ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ငွေစာရင်းခေါင်းစဉ်တွေဖွင့်ပြီးတော့ ရန်ပုံငွေများ ထားရှိသုံးစွဲနေတဲ့ဌာနတွေ ရှိပါတယ်၊ ဒီဟာတွေဟာ ဥပဒေကြောင်းအရလည်း ဥပဒေနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုစာရင်းတွေဖွင့်လှစ်ထားရှိ သုံးစွဲနေတာတွေကို စိစစ်တွေ့ရှိခဲ့ရင် အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းကိုလည်း တင်ပြလိုပါတယ်"
နိုင်ငံတော်က တောင်းထားတဲ့ ဘတ်ဂျက်တွေကို ကုန်အောင်မသုံးနိုင်တဲ့အတွက် နှစ်စဉ် ဘီလီယံ ၂ ထောင်နီးပါး ပြန်လည်အပ်နေရအတွက် နိုင်ငံတော်အတွက် ထိထိရောက်ရောက်အသုံးပြုနိုင်မယ့် ဘတ်ဂျက်ဖြစ်အောင် ရေးဆွဲဖို့လိုအပ်ကြောင်းလည်း အစီရင်ခံစာဖတ်ကြားစဉ် ဦးအောင်မင်းက ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ရာခိုင်နှုန်း ကျော် အထိ မြင့်တက်လာကြောင်း အစီရင်ခံစာမှာပါရှိပါတယ်။
နိုင်ငံတော်အနေနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍတွေမှာ ဦးစားပေးသုံးစွဲတဲ့အတွက် အခြေခံပညာ ကျောင်းများ ၊ကျေးလက်ကျန်းမာရေးဌာနခွဲများ တိုးချဲ့တည်ဆောက်ရာမှာ အသုံးစရိတ်များကို မြေပြန့်၊ တောင်ပေါ်ဒေသ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စုတစ်ခုလုံးအတွက် တစ်ပြေးညီဘတ်ဂျက်ခွင့်ပြုခြင်း အစား သူ့ဒေသအလိုက် ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ကိုက်ညီတဲ့ အသုံးစရိတ်များ ဖြစ်ပေါ် လာစေရေးအတွက် ပြောင်းလဲ သင့်ကြောင်းလည်း ဦးအောင်မင်းက အကြံပြုဆွေးနွေးသွားပါတယ်။