ကုလရဲ့ နာမည်ပျက်စာရင်း မြန်မာအစိုးရ တုံ့ပြန်
2018.04.18
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် မြန်မာ့တပ်မတော်က လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုပြီး နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုရင် အချက်အလက် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သက်သေပြဖို့ RFA ကို ပြောပါတယ်။
"အဓိက ပြောချင်တာက လိင်အကြမ်းဖက်မှုကို လက်နက်ကိရိယာအဖြစ် အသုံးချပြီးတော့ လူတွေထွက်ပြေး အောင်လုပ်တယ်ဆိုတာက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပေါ့နော်။ သို့သော် ကျနော်တို့ အစိုးရက ပြောနေတာက အမြဲတမ်းပဲ ကန့်ကွက်တယ်၊ ပယ်ချတယ်၊ အပြင်းအထန် ဆန့်ကျင်တယ်၊ ဒါမျိုးတွေ ပြောနေတဲ့ဟာပေါ်မှာ လူတွေ၊ မီဒီယာတွေက မြင်တာက သူတို့ပဲ ငြင်းနေတော့တာပဲဆိုတာ မြင်တာ၊ ကျနော်တို့ မျက်စိစုံမှိတ်မငြင်းဘူး၊ ကျနော်တို့ကို ခိုင်ခိုင်မာမာပေး၊ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ စဉ်းစား၊ ရွာပေါင်း ၁၇ ရွာက မုဒိမ်းမှုပေါင်း ၇၀၀ ဆိုတာ သာမန် လူပိန်းတောင်မှ နားလည်တယ်၊ ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာ တပ်မတော်ဘက်က ရဲဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိုပြီးတောင် ဂရုစိုက်ရဦးမယ်၊ အကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်တောင် ဒီ ၇၀၀ လောက် ရှိလား၊ ဖြစ်တာ မှန်တယ်ဆိုရင် ကျနော်တို့ အစိုးရကို အချိန်မရွေးပြောပါ၊ အခု Report ကလည်း အဲလိုမျိုး အထောက်အထား ခိုင်ခိုင်လုံလုံ မရှိတဲ့အပေါ်မှာ စွပ်စွဲ ပြောကြားချက်တွေပေါ်မှာ အခြေခံပြီး ဖြစ်လာတာ"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသက လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး အဲဒီမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပြောဆိုချက်တွေကို အခြေခံပြီး ကုလသမဂ္ဂ ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေဟာ အောက်တိုဘာလ ၂၀၁၆ ကနေ သြဂုတ်လ ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့ နယူးယောက်မြို့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဧပြီလ ၁၆ ရက် နေ့က လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ သံအမတ် ဦးဟောက်ဒိုဆွမ်း က မျိုးနွယ်စုတွေကို သုတ်သင်ရှင်းလင်းခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း ဆိုတဲ့ စကားလုံးတွေကို ကန့်ကွက်တဲ့အပြင် မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှုဟာ ဓလေ့ထုံးစံတန်ဖိုးထားမှုအရ လွန်စွာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတာအပြင် ဥပဒေအရသာမက ယဉ်ကျေးမှုအရ တားမြစ်ထားကြောင်း ကန့်ကွက် ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။
ဦးဇော်ဌေးက ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေအတိုင်း တကယ်ကျူးလွန်တာ မှန်တယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ လုံးဝခွင့်လွှတ်မှာမဟုတ်သလို တပ်မတော်ကလည်း လုံးဝခွင့်လွှတ်မှာ မဟုတ်ဘဲ တရားဝင်အရေးယူမှုတွေ ပြုလုပ်နေတယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။ မောင်တောခရိုင် အင်းဒင်ကျေးရွာမှာ ကျူးလွန်ခဲ့တဲ့ တပ်မတော်သား ၇ ဦးကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့ကြောင်းလည်း ပြောပါတယ်။